.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့
ဇွန်လ ၅ ရက်၊ နံနက်ပိုင်းက တရုတ်နံပါတ်ပြားတပ် ယာဉ်ဖြင့် ဝင်ရောက်လာသည့် တရားမဝင်တရုတ်
နိုင်ငံသားကို အကောက်ခွန်မဲ့ ဘီယာဖာများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.လားရှိုးမြို့အဝင် မယ်ဟန်ပူးပေါင်းစစ်ဆေးရေးဂိတ်သို့
ယနေ့ ဇွန်လ ၅ ရက်၊ နံနက် ၁၀ နာရီခန့်က တရုတ် နိုင်ငံသုံး နံပါတ်ပြား တပ်ဆင်ထားသည့်
၂၂ ဘီး တွဲယာဉ်တစ်စီး ဝင်ရောက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက စစ်ဆေးရာ တရုတ်နိုင်ငံသားကတ်၊
တရုတ်ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်လာသည့် တရားမဝင် တရုတ်နိုင်ငံသားတစ်ဦးကို တရုတ်နိုင်ငံထုတ်
တရားမဝင် အကောက်ခွန်မဲ့ ဘီယာဖာများဖြင့် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ တရုတ်နိုင်ငံသားသည်
ကိုးကန့်တပ်ဖွဲ့ MNDAA စိုးမိုးထားသည့် ချင်းရွှေဟော်၊ ကွမ်းလုံ၊
သိန္နီမှတစ်ဆင့် လားရှိုးမြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာပြီး မယ်ဟန်ကျေးရွာရှိ
ဂိုဒေါင်တစ်ခုသို့ ပစ္စည်းပို့ရန် လာရောက်စဉ် လမ်းမှား၍ လားရှိုးမြို့အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
“တရုတ်ဘီယာဖာတွေနဲ့ ဖမ်းမိတာပါ။ ခုထိတော့ ဖွင့်ဖောက်စစ်တုန်းပဲ။
တစ်ဖာကို ၂၄ လုံးပါ ဖာ ၃ ထောင်လောက် ရှိမယ်ထင်ပါတယ်။ ခုမှ တိုင်ချက်လုပ်နေတုန်းပါ”
ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသားအား
လားရှိုးမြို့မရဲစခန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရ လတ်တလော အမှုဖွင့်ထားပြီး
တာဝန်ရှိ ဌာနအသီးသီးက ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment