မိန်းကလေးငယ် ၂ ဦးအား ပြည့်တန်ဆာခန်းသို့ ပို့ဆောင်ခဲ့သူများကို ဖမ်းဆီးထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 16, 2026

မိန်းကလေးငယ် ၂ ဦးအား ပြည့်တန်ဆာခန်းသို့ ပို့ဆောင်ခဲ့သူများကို ဖမ်းဆီးထား

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင်  အသက်မပြည့်သေးသည့် မိန်းကလေး ငယ် ၂ ဦးအား ပြည့်တန်ဆာခန်းသို့ ပို့ဆောင်ရောင်းစားခဲ့သူများကို ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲဆို နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

.

“လူကုန်တားက အဖွဲ့တွေ လာပြီးတော့ ရွှေဘုံသာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရပ်/ကျေး လူကုန်ကူးမှု စိစစ် ဖော်ထုတ်ရေးအဖွဲ့နဲ့ ဖော်ထုတ်နေပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

.

လက်ရှိတွင် မိန်းကလေးငယ် ၂ ဦးအား ပို့ဆောင်ခဲ့သူ အမျိုးသမီး ၂ ဦးနှင့် လက်ခံသည့် ဆိုင်ပိုင်ရှင်တို့ကို ရွှေညောင် နယ်မြေရဲစခန်း၌ ထိန်းသိမ်းထားပြီး လူကုန်ကူးခံရသည့် မိန်းကလေးငယ် ၂ ဦးကိုမူ ရွှေညောင်မြို့၊ ရွှေဘုံသာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဖြစ်စဉ်အမှန်အား သိရှိနိုင်ရေးအတွက် မေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

.

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်း ရာတွင် “အခု ဒီမှာ စစ်ဆေးနေတုန်းပါ။ ပြီးမှပဲ ပြောပါမယ်” ဟု ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့နေ အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် မိန်းကလေးငယ် နှစ်ဦးသည် အလုပ်အကိုင် ရှာဖွေ နေရာမှ ဇွန်လ ၁၃ ရက်တွင် ရွှေညောင်မြို့သို့ ရောက်ရှိခဲ့ပြီး ရွှေညောင်မြို့နေ ဆိုဖီယာ၊ အေးသာယာ မြို့နေ မိုးစက် တို့နှင့်တွေ့ဆုံခဲ့ကာ မိန်းကလေးငယ်များအား အေးသာယာမြို့ရှိ KTV တစ်ခု၌ အလုပ် အပ်ပေးမည် ဖြစ်ကြောင်း နှင့် လစာကောင်းကောင်းပေးမည်ဟု ပြောဆိုစည်းရုံး၍ အေးသာယာမြို့ရှိ နန်းရွှေရည် ပြည့်တန်ဆာခန်း၌ လိမ်လည်လှည့်ဖျား ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်း ပြည့်တန်ဆာခန်းအား ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေမှုနှင့် ပတ်သက်၍ “သတင်းက ကြိုပေါက်သွား တော့ သူတို့က အကုန်ရှင်းလင်းထားပြီးပြီ၊ အထောက်အထားတွေ မတွေ့ရတော့ဘူး။ ဒါပေမဲ့ ပိုင်ရှင်ကိုတော့ ဖမ်းလိုက်တယ်” ဟု အခြား သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

.

အေးသာယာမြို့တွင် KTV အနှိပ်ခန်းများ အပြင် ပြည့်တန်ဆာခန်းများကို တရားဝင်သဖွယ် ဖွင့်လှစ်ထား မှုများ ရှိနေသည့်အပြင် လိုအပ်သည့် ထိန်းကျောင်းကြပ်မတ်မှုများ မရှိသည့်အပေါ် ဒေသခံများက ပြင်းထန်စွာ ဝေဖန်နေလျက်ရှိသည်။

.

No comments:

Post a Comment

Pages