၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်
.
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ AYA Tri-Nations Cup သုံးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ် အဖြစ်
ဒီနေ့မှာ မြန်မာအမျိုးသမီးအသင်းနဲ့ ဥဇဘက်ကစ္စတန် အသင်းတို့ ကစားရာမှာတော့ မြန်မာက ၁-၀ နဲ့ အရှုံး ပေးလိုက်ရပါတယ်။
.
ပွဲချိန် ပထမပိုင်း ၂၁ မိနစ်မှာပဲ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ရင်း
ပြန်ကျလာတဲ့ ဘောလုံးကို ဥဇဘက်ရဲ့ကျောနံပတ် ၇ ပိတ်သွင်းသွားခဲ့လို့ မြန်မာတို့
ဦးဆောင်ဂိုး ပေးလိုက်ရတာပါ။ ဒီဂိုးက ဘယ်လိုပဲ ကြည့်ကြည့် လူကျွံဘောကြီး ဖြစ်ပြီး VAR
မရှိတာနဲ့ စည်းကြပ်ဒိုင်က ဘာလုပ်နေမှန်း မသိတာကြောင့် ဂိုးအဖြစ်
သတ်မှတ်ပေးခြင်း ခံလိုက်ရတာပါ။
.
မြန်မာအသင်းရဲ့ တိုက်စစ်မှာ အဓိက တိုက်စစ်မှူး အဖြစ် ပွဲထွက်လာတဲ့ မေထက်လူကတော့ ပထမပိုင်း တစ်ပိုင်းလုံးမှာ ဂိုးပေါက် ကန်သွင်းခွင့်
တစ်ကြိမ်ပဲ ရခဲ့ပြီး အဲဒီ တစ်ကြိမ်ကလည်း မိုးပေါ် ထောင်ကန်ခဲ့တာပါ။ မြန်မာအသင်းရဲ့
ကွင်းလယ်လူတွေကလည်း မေထက်လူကို မပေး၊ တောင်ပံကလည်း
မေထက်လူကို မပေး၊ မေထက်လူကလည်း ဘောလုံး ရရင် အနောက်ကို ပြန်ပေး
လုပ်နေတာမို့ မြန်မာအသင်းရဲ့ တိုက်စစ်က ပထမပိုင်းမှာ တော်တော်လေး လှနေခဲ့ပြီး
ဘယ်တောင်ပံမှာ ကစားနေတဲ့ ရူပါခိုင် ကိုလည်း ပရိသတ်တွေက တချိန်လုံး
လူလဲခိုင်းနေကြတာပါ။
.
ဒါပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ရခဲ့တဲ့ အခွင့်အရေးကနေ
ရူပါခိုင်ရဲ့ ကန်သွင်းချက်က ဂိုး ဝင်လုနီးပါး ဖြစ်ခဲ့ပြီး ဂိုးပေါက်နဲ့ အနည်းငယ်လေးပဲ လွဲသွားခဲ့ရတာပါ။
.
ပွဲချိန် ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက ပွဲ စတယ်ဆိုတာနဲ့ ဖိ ကစားခဲ့ပေမယ့်
ဂိုးပေါက်နဲ့ လွဲနေခဲ့ပြန်တာပါ။ ထောင့်ကန်ဘောတွေ အကြိမ်ကြိမ် ရ၊ ကန်သွင်းခွင့်တွေ ရခဲ့ပေမယ့်
မေထက်လူ အပါအဝင် မြန်မာအသင်းရဲ့ တိုက်စစ်က ဘယ်လိုမှ ဂိုးမရ ဖြစ်နေခဲ့တာပါ။
.
ပြောရရင် ဥဇဘက်ဂိုးသမား ကောင်းတာလည်း မဟုတ်၊ ဥဇဘက် တိုက်စစ်လည်း
ကောင်းတာ မဟုတ်ဘဲ မြန်မာတိုက်စစ်က ကိုယ့်ဘာသာကိုယ်
တိုင်ပတ်နေတာပဲ ဖြစ်ပါတယ်။
.
သုဝဏ္ဏကွင်းမှာ လာပြီး အားပေးကြတဲ့ ပရိသတ်တွေကတော့ ပူကလည်း ပူ၊
ပွဲကလည်း ရှုံးမို့ ယပ်တောင်လေးတွေ တဖျပ်ဖျပ် ခပ်ရင်း စိတ်ညစ်နေကြတာကို ကြည့်ပြီး
“အော် တောင်ကြီးမှာ အေးအေးလေး ကြည့်ပြီး ရှုံးနေရတာက တော်ပါသေးလား” ဆိုတဲ့
ဖြေတွေးလေးတောင် တွေးမိလိုက်ပါသေးတယ်။
.
မြန်မာ အမျိုးသမီးအသင်းက AYA Tri-Nations Cup နောက်ဆုံးပွဲစဉ်
အဖြစ် ဇွန်လ ၉ ရက်နေ့မှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး
ထိုင်းနဲ့ပွဲကို အနိုင်ကစားချင်လို့ ဒီပွဲကို တမင်အရှုံးပေးလိုက်တယ်လို့ပဲ
ပြောလိုက်ချင်ပါတော့တယ်။
.
#KBZTai #Shan #MyanmarWomenTeam #AYATRICUP
No comments:
Post a Comment