ပစ္စတိုကိုင်ထားတဲ့ ကျောင်းသားတွေက အထက်တန်းကျောင်းထဲ ဝင်ပစ်လို့ အနည်းဆုံး ၃ ဦးသေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 22, 2026

ပစ္စတိုကိုင်ထားတဲ့ ကျောင်းသားတွေက အထက်တန်းကျောင်းထဲ ဝင်ပစ်လို့ အနည်းဆုံး ၃ ဦးသေဆုံး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

.

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း< တက်လိုဘန်မြို့မှာရှိတဲ့ ဆန်ဟိုဆေးအထက်တန်းကျောင်းမှာ ကျောင်းသား နှစ်ဦးက သေနတ်နဲ့ဝင်ပစ်ခဲ့တာကြောင့် ကျောင်းသား၊ကျောင်းသူ ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားခဲ့ ကြပါတယ်။

.

.

ဝင်ရောက်ပစ်ခတ်ခဲ့သူတွေက အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် ကျောင်းသားတွေဖြစ်ကြပြီး ကျောင်းမှာ မကြာခဏ အနိုင်ကျင့်ခံရသူတွေဖြစ်ကာ သူတို့ရဲ့မကျေနပ်ချက်တွေကို ပေါက်ကွဲဖို့အတွက် ပစ္စတို တစ်လက်စီ ကိုင်ဆောင်ပြီး ကျောင်းထဲကို ဝင်ပစ်ခဲ့ကြတာလို့ ရဲတပ်ဖွဲ့က ပြောဆိုထားတာပါ။

.

ရဲတပ်ဖွဲ့အကြီးအကဲ ကာပွိုင်းရဲ့ပြောဆိုချက်အရတော့ ဝင်ရောက်ပစ်ခတ်တဲ့ ကျောင်းသား ၂ ဦးထဲက တစ်ဦးကို ကျောင်းအတွင်းမှာပဲ ဖမ်းမိခဲ့ပြီး တစ်ဦးကိုတော့ အနီးအနားက နေအိမ်တစ်ခုအတွင်းမှာ ပုန်းအောင်းနေချိန် ဖမ်းမိခဲ့တာလို့ သိရပါတယ်။ ကျောင်းသား ၂ ယောက်လုံးက Grade 9 တက်နေတဲ့ ကျောင်းသားတွေဖြစ်ကြပြီး အသက်မပြည့်သေးတာမို့ သူတို့ရဲ့နာမည်တွေကို ထုတ်ပြောဖို့ ရဲတပ်ဖွဲ့က ငြင်းဆိုထားပါတယ်။

.

ပစ်ခတ်မှုမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ အများစုက ကျောင်းသူတွေဖြစ်ကြပြီး ပစ်ခတ်မှုအတွင်း ကျောင်းသား တွေ ထွက်ပြေးချိန်မှာ သေနတ်ကိုင်ကျောင်းသားနှစ်ဦးက အခန်းနှစ်ခန်းအတွင်းကို လိုက်လံပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

.

ဖိလစ်ပိုင်သမ္မတ မားကို့စ် ကတော့ ဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုအပြည့်အဝလုပ်ဖို့နဲ့ ကျောင်းတွေ၊ အများ ပြည်သူနေရာတွေမှာ လုံခြုံရေးတိုးမြှင့်ဖို့ ညွှန်ကြားထားပါတယ်။

.

ဒီဖြစ်ရပ်ကြောင့် တက်လိုဘန်မြို့ထဲက ကျောင်းတွေကို တနင်္လာနေ့မှာ ခေတ္တပိတ်ခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူတွေကို နေအိမ်တွေဆီ ပြန်လွှတ်ပေးခဲ့ကြပါတယ်။

.

ဖိလစ်ပိုင်နိုင်ငံတွင်းမှာ သေနတ်ကိုင်ဆောင်မှုတွေ အလွန်မြင့်တက်နေပြီး ရာဇဝတ်မှုတွေ များလာပေမဲ့လည်း ကျောင်းအတွင်း သေနတ်ပစ်ခတ်မှုတွေကတော့ မရှိသလောက်ကို နည်းပါးခဲ့တာပဲဖြစ်ပါတယ်။

.

Source – AP

.

No comments:

Post a Comment

Pages