တောင်ကြီး အထက (၁) တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ထုတ်ပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 8, 2026

တောင်ကြီး အထက (၁) တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ထုတ်ပေး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်

.

တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ ဇွန်လ ၈ ရက်၊ နံနက်ပိုင်းက ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများကို လမင်းစီမံချက် ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးက အသက် ၁၀ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ကျောင်းသား/သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး မြို့နယ်အလိုက် သက်ဆိုင်ရာ ကျောင်းများတွင် ဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

.

“အသက် ၁၀ နှစ်ပြည့် ကလေးတွေကတော့ အခမဲ့ ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့ သွေးစစ်လက်မှတ်တို့၊ ရပ်ကွက်ထောက်ခံချက်တို့၊ ကျောင်းထောက်ခံချက်တို့ ဒါတွေကတော့ ပါလာရမှာ ဖြစ်ပါတယ်” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ တောင်ကြီးမြို့နယ် ဦးစီးမှူး ဦးအောင်ဇော်မင်းက ပြောသည်။

.

လက်ရှိတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ရက်တစ်ရာ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ UID နှင့် အိမ်ထောင်စုဇယားများကို ဆောင်ရွက်ပေးနေပြီး ရက်တစ်ရာ နောက်ပိုင်းတွင်လည်း ဌာနလုပ်ငန်းများအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။

.

“အဓိက ကတော့ အိမ်ထောင်စု လူဦးရေစာရင်း တောင်ကြီးမြို့နယ်ထဲမှာ ပေါက်ဖို့ လိုပါတယ်။ ပြီးတော့ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးရင် ဘာကြောင့် မရှိသေးတယ် ဆိုတာ ပျောက်ဆုံးတာလား၊ လုပ်ပြီး တော့ မရသေးတာလား ဒါတွေကို ရုံးမှာလာရောက်စစ်ဆေး ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ဦးအောင်ဇော်မင်း က ပြောသည်။

.

ထို့အပြင် သွေးနှောများနှင့် နိုင်ငံသားပြုခွင့်ရသူများကိုလည်း သက်ဆိုင်ရာ လက်ခံအထောက်အထားများ အတိုင်း စိစစ်ထုတ်ပေးလျက်ရှိကြောင်း ၎င်းထံက သိရသည်။

.

No comments:

Post a Comment

Pages