ကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် အောင်မြေသစ်ကျောင်းမှ ကျောင်းအုပ်၏ သားကို ထောင်ဒဏ် ၂၅ နှစ် ချမှတ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, July 1, 2026

ကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် အောင်မြေသစ်ကျောင်းမှ ကျောင်းအုပ်၏ သားကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်

.

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသူတစ်ဦးအား ကျောင်းအုပ်၏ သားဖြစ်သူမှ အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ ကျူးလွန်သူအား တောင်ကြီးခရိုင် တရားရုံးက ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၂၅ နှစ် (ပြစ်ဒဏ်များ သီးခြားစီ ကျခံစေရန်) အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။

.

.

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီ လ ၁၅ ရက်က ကျောင်းတက်နေသည့် Grade 12 ကျောင်းသူတစ်ဦးကို ကျောင်းအုပ်၏ သားဖြစ်သူ ဇာနည်သွေးက အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ပြစ်မှုကျူးလွန်သူ ဇာနည်သွေးကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ်လမ်း ပေါ်ရှိ တောင်ကြီးဟိုတယ် အနီးတွင် ဇန်နဝါရီလ ၁၈ ရက်၊ နေ့လယ်ပိုင်းကဖမ်းဆီးရမိခဲ့ပြီး တောင်ကြီးခရိုင် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အမှုမှ ကျူးလွန်သူ ဇာနည်သွေးကို တောင်ကြီးခရိုင်တရားရုံးက ဇွန်လ ၂၉ ရက်တွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (၁) အရ အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀၊ ပုဒ်မ ၃၅၄ အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်နှင့် ပုဒ်မ ၃၈၄ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်၊ စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

“စွဲထားတဲ့ ဥပဒေပုဒ်မအတိုင်း အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်လိုက်တာ ဖြစ်ပါတယ်” ဟု တရားရေး သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။

.

ထို့အပြင် အမှုဖြစ်ပွားခဲ့သည့် အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းကိုလည်း ရာသက်ပန် ပိတ်သိမ်း ထားပြီးဖြစ်သည်ဟု သိရသည်။

.

No comments:

Post a Comment

Pages