ပြည်သူကို ဝန်ဆောင်မှုပေးသူ အဖြစ် အမြဲနှလုံးသွင်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ရှမ်းဝန်ကြီးချုပ် မှာကြား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, July 1, 2026

ပြည်သူကို ဝန်ဆောင်မှုပေးသူ အဖြစ် အမြဲနှလုံးသွင်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ရှမ်းဝန်ကြီးချုပ် မှာကြား

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်

.

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်သူ ဆိုသည်ထက် ပြည်သူကို ဝန်ဆောင်မှုပေးသူ ဆိုသည့်စိတ်ဓါတ်ကို အမြဲ နှလုံးသွင်းပြီး တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွင် ဘက်လိုက်မှု မရှိ တရားမျှတစွာ ဆောင်ရွက်ကြရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။

.

.

တောင်ကြီးခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင်လ ၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက ရပ်ကွက်/ကျေးရွာဆိုသည်မှာ နိုင်ငံ၏ အခြေခံအကျဆုံး အစိတ်အပိုင်းများ ဖြစ်ကြပြီး ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ သည် ပြည်သူများနှင့် နေ့စဉ်ထိတွေ့နေရခြင်းဖြစ်သည့်အလျောက် အရေးကြီးပါကြောင်းနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်အစိုးရ၏ မူဝါဒတွေ၊ လုပ်ငန်းစဉ်များကို ပြည်သူလူထု အကြား တိုက်ရိုက်အကောင်အထည်ဖော် ပေးနေရသူများ ဖြစ်သည့်အပြင် ပြည်သူလူထု၏ လိုအပ်ချက်နှင့် အခက်အခဲများကိုလည်း အစိုးရထံ တင်ပြပေးရသည့် အဓိက ပေါင်းကူးတံတား တစ်စင်း ဖြစ်ပါကြောင်း ပြောဆိုခဲ့သည်။

.

သင်တန်းကို ယနေ့ ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၂၈ ရက်အထိ ရက်သတ္တ ၄ ပတ် ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပြီး သင်တန်းအတွင်း နိုင်ငံတော်အစိုးရ၏ မူဝါဒ ရည်မှန်းချက်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုင်တွယ်ကျင့်သုံးလျက် ရှိသော ဥပဒေ၊ နည်းဥပဒေများ၊ ပင်မလုပ်ငန်း တာဝန်များဖြစ်သည့် ယစ်မျိုးစီမံ ခန့်ခွဲခြင်း၊ ယစ်မျိုးဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အခွန်(၄)မျိုးကောက်ခံခြင်း၊ ရပ်ကျေးဥပဒေနှင့် နည်းဥပဒေ၊ မြို့/ရပ်ကွက်/ကျေးရွာအုပ်စု/ ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းခြင်း၊ မြေယာ စီမံခန့်ခွဲခြင်း၊ လောင်းကစားဥပဒေ၊ ဦးစီးတာဝန်၊ ရုံးလုပ်ငန်းလက်စွဲကောက်နုတ်ချက်များ၊ ရုံးအသုံးစရိတ်များအား ငွေစာရင်းရေးဆွဲ ထိန်းသိမ်းရေးနည်းလမ်းများ၊ အသင်းအဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ လူဦးရေ၊ ဖွား/သေဆိုင်ရာကိစ္စရပ်များ၊ ဘိလိယက်ခုံ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ် များစသည့် ဘာသာရပ်များအပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆက်စပ်သည့် အခြား ဌာနဆို်ရာ ၁၅ ခု၏ ဘာသာရပ်များကိုလည်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

သင်တန်းသို့ တောင်ကြီးမြို့နယ်အတွင်းမှ ရပ်ကွက်/ကျေရွာအုပ်စု အုပ်ချုပ်ရေးမှူး ၇၅ ဦးနှင့် ရပ်စောက် မြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေရွာအုပ်စု အုပ်ချုပ်ရေးမှူး ၃၂ ဦး၊ စုစုပေါင်း ၁၀၇ ဦး တက်ရောက်လျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages