.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင်
လူငယ်များ ဂိုဏ်းဂဏဆန်ဆန် အုပ်စုဖွဲ့ အားပြိုင် မိုက်ကြေးခွဲမှုများ ပေါ်ပေါက်လာနေပြီး
ကလေးများ၏ အနာဂတ်အတွက် စိုးရိမ်နေရသည်ဟု ဒေသခံများ ထံက သိရသည်။
.
.
တောင်ကြီးမြို့တွင် နောက်တိုးဖွဲ့စည်းထားသည့်
ဂိုဏ်းများအားလုံး တစ်ပတ်အတွင်း ဖျက်သိမ်းရန်နှင့် မဖျက် ပါက တွေ့ရာနေရာတွင်
၎င်းတို့လက်အောက်ခံဂိုဏ်းအဖြစ် သိမ်းယူမည်ဖြစ်ကြောင်း၊ မကျေနပ်ပါက စိတ်ကြိုက် ရှင်းနိုင်ကြောင်း
ဂိုဏ်အဖွဲ့ဝင်ဟုဆိုသည့် လူငယ်တစ်ဦးက လူမှုကွန်ရက် TikTok တွင်
ရေးသား ထားသည်။
.
ယင်းကဲ့သို့ အုပ်စုဖွဲ့ ရမ်းကားမှု ဆန်သည့်
လူငယ်အုပ်စုများအတွက် ကျောင်းနေအရွယ် ၈ တန်း၊ ၉ တန်း ကျောင်းသားများအထိ
ပါဝင်နေပြီး အုပ်စုဖွဲ့ ဆိုင်ကယ်စီး ရမ်းကားခြင်း၊ မိုက်ကြေးခွဲအားပြိုင်ခြင်းများ
ရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
.
“အဲဒီလို ဂိုဏ်းတွေ ပေါ်လာတယ်ဆိုတော့
ကလေးတွေအနာဂတ် မကောင်းဘူးပေါ့။ အရင်ကဆိုရင် အဲဒီလို အုပ်စုဖွဲ့ ဂိုဏ်းတွေဖွဲ့ပြီး
နောက်ဆုံး လူသတ်မှုအထိ ဖြစ်ကြတာပေါ့။ လူမိုက်လိုလို လုပ်နေကြတော့ မကောင်း ဘူးပေါ့။
ကျွန်တော်တို့ ကလေးတွေလည်း ငယ်သေးတယ်။ ကြီးလာရင် အဲဒီလို ဂိုဏ်းတွေနဲ့ ငြှိမှာ
စိုးရတာပေါ့။ ကလေးတွေက အဖွဲ့လိုက်ဆိုရင် အရမ်းဆိုးကြတယ်။ ရိုက်တာနှက်တာတွေ
ဖြစ်လာတတ်ပါတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
.
တောင်ကြီးတွင် ကလေးငယ်အချင်းချင်း အုပ်စုဖွဲ့
အနိုင်ကျင့် ရိုက်နှက်မှုများကို မကြာခဏ ကြားသိလာနေရပြီး ယခု ကဲ့သို့ အုပ်စုဖွဲ့
ဂိုဏ်းများ မကြီးထွားလာစေရေးအတွက် မိဘအုပ်ထိန်းသူများ၊ တာဝန်ရှိသူများက ထိန်းသိမ်း
ကြပ်မတ် သင့်သည်ဟု ကျောင်းသားမိဘများက ပြောဆိုကြသည်။
.
“အဲဒီလိုဂိုဏ်းတွေ မကြီးလာခင်၊ မဖြစ်သင်တာ
မဖြစ်ခင် ကြိုတင်ကာကွယ်သင့်တာပေါ့။ သူတို့ ကိုယ်စီကိုယ်စီ မိဘတွေက
ထိန်းနိုင်မယ်ဆိုရင် ဒါက ကြီးလာစရာမရှိဘူး။ အန္တရာယ်မဖြစ်တော့ဘူးပေါ့” ဟု
တောင်ကြီးဒေသခံ ကျောင်းသားမိဘတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ထို့အတူ အခြား မိဘတစ်ဦးကလည်း “သက်ဆိုင်တဲ့
ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေ အနေနဲ့ ပြဿနာ ဖြစ်လာမှ ဖမ်းမယ် ဆိုတာထက်
မဖြစ်ခင်ကတည်းက ကြိုတင်ပြီး မှုခင်းကြိုတင်ကာကွယ်ရေးနဲ့ ကလေးတွေ
လမ်းမှားမရောက်အောင် ထိန်းသိမ်းကြပ်မတ် ဆုံးမသင့်တာ ဆုံးမ၊ အပြစ်ပေးသင့်တာပေး
အဲဒီလို လုပ်ရမှာပေါ့” ဟု ပြောဆိုခဲ့သည်။
.
ယခင်က တောင်ကြီးမြို့ပေါ်တွင်
ကျောင်းအလိုက်ဖြစ်စေ၊ အုပ်စုအလိုက်ဖြစ်စေ ကျောင်းသားလူငယ်များ အုပ်စုဖွဲ့
ခိုက်ရန်ဖြစ်ပွားမှု၊ ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ဖူးပြီး လူသေဆုံးသည်အထိ
ဖြစ်ခဲ့ဖူးကြောင်း ဒေသခံများထံက သိရသည်။
.

No comments:
Post a Comment