တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာတွင် ရေထုညစ်ညမ်းမှုကြောင့် ငါးများ သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, August 12, 2026

တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာတွင် ရေထုညစ်ညမ်းမှုကြောင့် ငါးများ သေဆုံး

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာတွင် ရေထုညစ်ညမ်းမှုကြောင့် ရေလှောင်ကန် အတွင်းရှိ ငါးများ သေဆုံးမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

.

.

ဇလဲကျေးရွာ အရှေ့ဘက် ရေထွက်ပင်ရင်းမှ ပိုက်လိုင်းဖြင့် သွယ်ယူလာသော ရေမှာ အနံ့အသက်ဆိုးပြီး ရေလှောင်ကန်အတွင်းရှိ ငါးများ သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ရေထွက်မှ သွယ်ယူထားသော ရေကို ဇလဲရှေ့ရွာ၊ ဇလဲရွာမရှိ ပြည်သူလူထုအပြင် ဇလဲ ဘုန်းတော်ကြီး ကျောင်း၊ ဇလဲအထကနှင့် ဇလဲကျန်းမာရေးဌာနတို့မှ သောက်သုံးရေအဖြစ် အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။

.

“ရေဦး (ရေအရင်းအမြစ်) ရဲ့ အပေါ်ဘက်ပိုင်းမှာရှိတဲ့ နေရာတစ်ခုကို အမှိုက်ကျင်းအတွက်နေရာ ပေးလိုက်တော့ အမှိုက်လာချပြီး အဲဒီကနေ အဆိပ်ဖြစ်တာလားတော့ မသိဘူးပေါ့။ ရွာမှာ ရေတွေလည်း အပုပ်နံ့ တွေ ထွက်နေ တယ်။ ရွာသူရွာသားတွေကော၊ ဘုန်းကြီးကျောင်းကော၊ စာသင်ကျောင်းကော အဲဒီရေနဲ့ သုံးနေရ တာပါ” ဟု ဇလဲကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

.

ရေထွက် အရင်းအမြစ်၏ အထက်တွင် တည်ရှိသော ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာ အမှိုက်ကျင်း အား ဇလဲကျေးရွာ ဒေသခံများက လက်မခံဘဲ ပြောင်းရွှေ့ပေးရန် အထက်ဌာနအဆင့်ဆင့်သို့ တင်ပြထား သော်လည်း ဆောင်ရွက်ပေးခြင်းမရှိကြောင်း သိရသည်။

.

အဆိုပါ အမှိုက်ကျင်း၏ အောက်ဘက်တွင် ရေထွက် ၃/၄ ခုခန့် ရှိနေပြီး လက်ရှိတွင် ဖက်ကွန်ကျေးရွာ ဒေသခံ များအနေဖြင့် တွင်းရေနှင့် အခြားရေအရင်းအမြစ်များမှ သွယ်ယူလာသည့် ပိုက်လိုင်းရေများကို အသုံးပြု နေရကြောင်း သိရသည်။

.

“ငါးကတော့ သေတာ တော်တော်များတယ်။ လောလောဆယ် လူကတော့ ဘာမှဖြစ်တာ မရှိဘူး။ ဒါပေမဲ့ အနံ့ ဆိုးတော့ သောက်လို့ အဆင်မပြေဘူးပေါ့။ ရွာသူရွာသားတွေ အနေနဲ့တော့ အရင်က ကန့်ကွက်ထားသလိုပဲ အမှိုက်ကျင်းကို ပြောင်းရွှေ့ပေးစေချင်ပါတယ်။ ရေရှည်လည်း မကောင်းပါဘူး။ မိုးရွာရင် အဲဒီအညစ်အကြေး တွေက ကျွန်တော်တို့ ရေလှောင်ကန်တွေထဲကို တောက်လျှောက် ဆင်းလာနေမှာပဲ” ဟု အခြား ဒေသခံတစ်ဦး ကလည်း ပြောသည်။

.

ယင်းကဲ့သို့ ရေမှ အနံ့အသက်ဆိုးများ ထွက်ပေါ်ပြီး ငါးသေဆုံးမှု ဖြစ်နေသည်မှာ ၃/၄ ရက်ခန့် ရှိပြီဖြစ်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲတို့ ကွင်းဆင်းကြည့်ရှုကာ အထက်ဌာန အဆင့်ဆင့် သို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖြစ်ပွားရသည့် အကြောင်းအရင်းကို သိရှိနိုင်ရန်အတွက် ယနေ့ ဩဂုတ်လ ၁၂ ရက်တွင် ရေနမူနာ ရယူပြီး ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲဌာနသို့ ပို့ဆောင်၍ ဓါတ်ခွဲစမ်းသပ် စစ်ဆေးသွားမည် ဖြစ်ကာ အဖြေရရှိရန် တစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန ထံက သိရသည်။

.

 

No comments:

Post a Comment

Pages