တိုင်းပြည်၏ အခြေခံအုတ်မြစ်သည် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အအရည်အသွေး ပြည့်စုံသည့် လူငယ်များ ပိုင်ဆိုင်ထားခြင်းဖြစ် ဟု ရှမ်းဝန်ကြီးချုပ် ပြော - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, August 12, 2026

တိုင်းပြည်၏ အခြေခံအုတ်မြစ်သည် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အအရည်အသွေး ပြည့်စုံသည့် လူငယ်များ ပိုင်ဆိုင်ထားခြင်းဖြစ် ဟု ရှမ်းဝန်ကြီးချုပ် ပြော

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်

.

တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည် အသွေး၊ စွမ်းအားများနှင့် ပြည့်စုံသည့် လူငယ်အရင်းအမြစ်များ ပိုင်ဆိုင်ထားရှိခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက ပြောဆိုခဲ့သည်ဟု သိရသည်။

.

.

ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ယနေ့ ဩဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ရာ အခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း လူငယ်များ စိတ်ဓါတ်၊ စည်းကမ်း ကောင်းမွန်ရေး၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်စေရေး၊ ပညာရည် မြင့်မား ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိရေးအတွက် မူဝါဒချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားခဲ့သည်။

.

ထို့နောက် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့ကာ ပညာရေးဒီဂရီ ကောလိပ်မှ သင်တန်းသား/သင်တန်းသူများက လူငယ်ဂုဏ်ပြုတေးသီချင်းများ၊ တိုင်းရင်းသားရိးရာ ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များနှင့် အသိပညာပေး ဟောပြောမည့် ဆရာ/ဆရာမ ၂ ဦးအား အမှတ်တရ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

.

အခမ်းအနား ဒုတိယပိုင်းအဖြစ် အသိပညာပေး ဟောပြောပွဲကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးနှင့် Myanmar Youth Fellowship (MYF) မှ Mind Specialist ဆရာ ဦးတင်နိုင်ထွန်းတို့က အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

.

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ စိုင်းလုံကျော်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် (၅၄/၁၂၀) အရ ဩဂုတ်လ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

.

၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန် ကြေညာသည့် ဆောင်ပုဒ် မှာ “Different Contexts, Common Aspirations” နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား” ဖြစ်ပြီး လူငယ်များ၏ အတွေ့အကြုံ၊ ကွဲပြားခြားနားမှုနှင့် အပြန်အလှန် ချိတ်ဆက်နေမှုကို အသိအမှတ်ပြုပေးရန် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages