တောင်ကြီးတွင် ရေမြောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်ပစ်သူကို အရေးယူထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, August 31, 2026

တောင်ကြီးတွင် ရေမြောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်ပစ်သူကို အရေးယူထား

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ ရေမြောင်းအတွင်း စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်သူတစ်ဦးကို စည်ပင်သာယာရေးဥပဒေအရ အရေးယူထားသည်ဟု သိရသည်။

.

.

တောင်ကြီးမြို့၊ ညောင်ဖြူစန်းရပ်ကွက်၊ နယ်မြေ (၇)၊ မြင့်မိုရ်လမ်းရှိ နေအိမ်တစ်ခုမှ ၎င်းအိမ် ဘေး ရေမြောင်းရှိ သံဇကာအဖုံးအား အပေါက်ဖောက်၍ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေသည့် ရုပ်သံမှတ်တမ်း တစ်ခု အား ပြည်သူတစ်ဦးမှ ပေးပို့လာမှုအရ သက်ဆိုင်ရာ အိမ်ရှင်ကို အရေးယူထားခြင်းဖြစ်သည်ဟု သိရသည်။

.

“ခြံရှင်းတဲ့ အမှိုက်တွေကို အလုပ်သမားက မြောင်းထဲသွန်တာပါ။ အိမ်သုံးအမှိုက်တွေ မဟုတ်တဲ့အတွက် ပထမဦးဆုံး အကြိမ်လည်း ကျူးလွန်တာဖြစ်တော့ စီမံခန့်ခွဲရေး ဒဏ်ကြေး ၅၀၀၀၀ ရိုက်လိုက်တယ်။ ပြီးတော့ နောက်နောင် မလုပ်တော့ပါဘူး ဆိုတဲ့ ခံဝန်ကတိလည်း ယူထားပါတယ်။ နောက်တစ်ကြိမ် ကျူးလွန်ရင်တော့ စည်ပင်သာယာရေးဥပဒေနဲ့အညီ တရားစွဲပြီး တရားရုံး ပို့မှာပါ” ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို ရှမ်းပြည်နယ် စည်ပင် သာယာရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အမှိုက်စွန့်ပစ်သူအား သတင်းပေးနိုင်သူကို ဆုချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားသည်။

.

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို တွေ့ရှိပါက ပထမအကြိမ်အဖြစ် စီမံခန့်ခွဲရေးဒဏ်ကြေး ၅၀၀၀၀ ကျပ် ပေးဆောင်စေမည်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက စည်ပင်သာယာရေးဥပဒေနှင့်အညီ တရားစွဲဆိုသွားမည် ဖြစ်ကာ တရားရုံးစွဲတင်ခံရပါက တရားရုံးက ထောင်ဒဏ် သုံးလထက်  မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေ ၂ သိန်းကျပ်ထပ် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

.

ထို့အပြင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို တွေ့ရှိပါက ဓါတ်ပုံမှတ်တမ်း အထောက်အထားဖြင့် စည်ပင် သာယာရေးဌာနသို့ သတင်းပို့ တိုင်ကြားနိုင်ပြီး သတင်းပေးသူကို ဆုငွေ တစ်သိန်းကျပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages