.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်
.
မြောက်ကိုရီးယားက အမေရိကန်ရဲ့ ရန်လိုတဲ့မူဝါဒဟာ
အခုအချိန်အထိ ပြောင်းလဲမှုမရှိသေးဘူးလို့ တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
.
.
ဒါ့အပြင် နျူကလီးယားလက်နက်တွေဟာ နိုင်ငံရဲ့
အချုပ်အခြာ အာဏာကို အပြည့်အဝ အာမခံပေးနိုင်တဲ့ အရာ ဖြစ်တာကြောင့် ဆက်လက်ပြီး
အင်အားတိုးမြှင့် သွားမယ်လို့လည်း ဆိုပါတယ်။
.
မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက် မှာတော့
ဒေသတွင်း တင်းမာမှုတွေ လျော့ကျလာမယ်လို့ မျှော်လင့်တာဟာ အဓိပ္ပာယ်မရှိဘူးလို့
ပြောထား ပါတယ်။
.
ဒါ့အပြင် အမေရိကန်အပေါ် မြောက်ကိုရီးယားရဲ့
မူဝါဒဟာလည်း လုံးဝ ပြောင်းလဲသွားခြင်းမရှိဘူးလို့ ထပ်မံပြောဆိုထားပါတယ်။
.
မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား နျူကလီးယားအရေး
ဆွေးနွေးမှုတွေဟာ ၂၀၁၉ ခုနှစ်က ထရမ့်နဲ့ ကင်ဂျုံအန် တို့ရဲ့
ဟနွိုင်းထိပ်သီးတွေ့ဆုံမှု ပျက်ပြားပြီးနောက်ပိုင်း အဓိကအားဖြင့် ရပ်တန့်နေခဲ့တာ
ဖြစ်ပါတယ်။ အမေရိကန်ဘက်ကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို
ရည်မှန်းချက်အဖြစ် ဆက်လက်ထားရှိနေပါတယ်။
.
ဒါပေမဲ့ မြောက်ကိုရီးယားဘက်ကတော့
နျူကလီးယားလက်နက်တွေကို နိုင်ငံလုံခြုံရေးနဲ့ အချုပ်အခြာ အာဏာကို
ကာကွယ်ပေးနိုင်တဲ့ အဓိကအင်အားအဖြစ် သတ်မှတ်ထားပြီး နျူကလီးယား အင်အားကို
စွန့်လွှတ်မှာမဟုတ်ဘူးဆိုတဲ့ မူဝါဒကို ပိုမိုခိုင်မာလာအောင် ပြသနေပါတယ်။
.
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့
အလုပ်သမားပါတီ ၉ ကြိမ်မြောက်ကွန်ဂရက်မှာလည်း နျူကလီးယားလက်နက် ဖျက်သိမ်းရေးဟာ
ဆွေးနွေးညှိနှိုင်းနိုင်တဲ့ ကိစ္စမဟုတ်ဘူးဆိုတဲ့ ရပ်တည်ချက် ကို
ထပ်မံအတည်ပြုခဲ့ပါတယ်။
.
အခုလတ်တလောမှာလည်း ထရန့် အစိုးရက
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်လည်တိုးမြှင့်ဖို့ အရိပ် အယောင်တွေ ပြသနေပါတယ်။
ဩဂုတ်လအတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ် စစ်ရေး လေ့ကျင့်မှုကို
လျှော့ချခဲ့ပြီး၊ ထရန့်က မြောက်ကိုရီးယားနဲ့ သူ့ရဲ့ ဆက်ဆံရေး ကောင်းမွန်တယ်လို့
ပြောထား ပါတယ်။
.
ဒါပေမဲ့ အမေရိကန်ဘက်က စစ်ရေးလေ့ကျင့်မှုကို
လျှော့ချခဲ့တာတောင် မြောက်ကိုရီးယားက အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒ
ပြောင်းလဲသွားပြီလို့ မယူဆဘဲ မကြာသေးခင်က တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၁၀ စင်းခန့်
ပစ်လွှတ်ခဲ့ပါတယ်။
.
မြောက်ကိုရီးယားဘက်ကလည်း အမေရိကန်က
နျူကလီးယားဖျက်သိမ်းရေး တောင်းဆိုချက်ကို စွန့်လွှတ်မှသာ ဆွေးနွေးရေး
ပြန်စနိုင်မယ့် အခြေအနေကို ရည်ညွှန်းထားပါတယ်။
.
ဒီနေ့ထုတ်ပြန်ချက်ဟာ ထရန့်အစိုးရဘက်က
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်ကောင်း လာအောင် အချက်ပြနေပေမဲ့ ပြုံယမ်းဘက်ကတော့
နျူကလီးယားလက်နက်ကို လျှော့ချဖို့ထက် ဆက်လက်တိုးမြှင့်ပြီး အမေရိကန်အပေါ်
မူဝါဒလည်း မပြောင်းသေးဘူးဆိုတာကို ပြန်လည်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
.

No comments:
Post a Comment