.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်
.
ဩစတြေးလျနိုင်ငံရဲ့
အင်တာနက်လုံခြုံမှုစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အရ အစိုးရရဲ့
အသက် ၁၆ နှစ်အောက် ကလေးတွေကို လူမှုကွန်ရက်အသုံးပြုခွင့် ပိတ်ပင်ထားတဲ့အစီအစဉ် က
မအောင်မြင်နိုင်ဘဲ ဖြစ်နေခဲ့တဲ့အကြောင်း သိရပါတယ်။
.
.အသက် ၁၆ နှစ်အောက် ကလေးတွေကို လူမှုကွန်ရက်အသုံးပြုခွင့်
ပိတ်ပင်တဲ့ ဥပဒေက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာမှာ စတင်အသက်ဝင်ခဲ့တာဖြစ်ပြီး ဩစတြေးလျ
ကလည်း ဒီဥပဒေကိုပြဌာန်းတဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့တာပါ။
.
ဒါပေမဲ့ အစီရင်ခံစာအရတော့ ဩစတြေးလျနိုင်ငံတွင်းက
ကလေး ၁၀ ဦးမှာ ၈ ဦးကျော်က လူမှု ကွန်ရက်တွေကို ဆက်လက်အသုံးပြုနေကြတဲ့အကြောင်း
တွေ့ရှိခဲ့ရပါတယ်။
.
ဒါ့အပြင်အသက် ၁၀ နှစ်ကနေ ၁၅ နှစ်အကြား
ကလေးတွေရဲ့ လူမှုကွန်ရက် အသုံးပြုမှုနှုန်းကလည်း ပိတ်ပင်ချက်တွေ မစတင်ခင်နဲ့
အပြောင်းအလဲ အနည်းငယ်သာ ရှိခဲ့တယ်လို့လည်း အချက်အလက် တွေအရ ဖော်ပြထားတာပါ။
.
“အသက် ၁၆ နှစ်အောက် ကလေးအများစုက
သူတို့ရဲ့အကောင့်တွေကို ဆက်သုံးနေကြသလို တချို့က အကောင့်အသစ်တွေတောင်
ဖွင့်နိုင်ခဲ့ကြပါတယ်။ အဓိက အကြောင်းရင်းကတော့ လူမှုကွန်ရက် ကုမ္ပဏီတွေက
အသက်စစ်ဆေးတဲ့ စနစ်တွေကို ထိထိရောက်ရောက် မလုပ်နိုင်ကြတာပါ” လို့
အင်တာနက်လုံခြုံမှုအဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
.
လေ့လာချက်တွေအရ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေက
ကလေးတွေရဲ့ အသက်ကို စစ်ဆေးခဲ့ခြင်း မရှိသလို အသက်လိမ်ပြီး အသုံးပြုနေသူတွေကိုလည်း
ခွင့်ပြုပေးနေကြတာကြောင့် အသက် ၁၆ နှစ် အောက် ကလေးတွေအနေနဲ့
သူတို့ရဲ့အကောင့်တွေကို ဆက်အသုံးပြုနေကြတာလို့ သိရတာပါ။
.
ကလေးတွေက အားကစား လှုပ်ရှားမှုတွေ၊ အနုပညာ၊ ဂီတ
လှုပ်ရှားမှုတွေအပြင် မိသားစု၊ မိတ်ဆွေ တွေနဲ့ အချိန်ဖြုန်းတဲ့နေရာမှာလည်း
အပြောင်းအလဲတွေမရှိခဲ့ဘဲ ဆိုရှယ်မီဒီယာ တွေပေါ်မှာသာ ဆက်လက်အချိန်ကုန်နေခဲ့ကြတာပါ။
.
ဥပဒေအရ လူမှုကွန်ရက်ကုမ္ပဏီ ၁၀ ခုအနေနဲ့
ဩစတြေးလျနိုင်ငံအတွင်းက အသက် ၁၆ နှစ်အောက် အသုံးပြုသူတွေကို တားဆီးမှု မပြုခဲ့ရင်
ဩစတြေးလျဒေါ်လာ ၃၃ သန်းအထိ ဒဏ်ရိုက်ခံရမယ် ဆိုတာလည်း ပါရှိတာပါ။
.
အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ၂၀၂၆ ခုနှစ်၊
ဇန်နဝါရီလအထိ အသက် ၁၆ နှစ်အောက် ကလေး တွေ ပိုင်ဆိုင်ထားတဲ့အကောင့်ပေါင်း ၄ ဒသမ ၇
သန်းကျော်ကို ပိတ်သိမ်းခဲ့ပြီးဖြစ်တယ်လို့ ပါရှိပေမဲ့ လအနည်းငယ်အကြာမှာတော့
ကလေးတွေက အကောင့်အသစ်တွေကို အလွယ်တကူ ပြန်ဖွင့်ပြီး သုံးနေကြတဲ့အကြောင်း
လေ့လာချက်က ဖော်ပြနေခဲ့ပါတယ်။
.
Source – Aljazeera
.

No comments:
Post a Comment