အေးသာယာရှိ Restaurant အမည်ခံ KTV အတွင်းမှ မူးယစ်ဆေးများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, August 9, 2026

အေးသာယာရှိ Restaurant အမည်ခံ KTV အတွင်းမှ မူးယစ်ဆေးများ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်

.

ရှမ်းပြည်နယ်‌‌တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ Restaurant အမည်ခံ KTV တစ်ခုအတွင်းမှ Happy Water နှင့် ကက်တမင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်တပ်ဖွဲ့ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ယမန်နေ့ ဩဂုတ်လ ၈ ရက်၊ ည ၁၁ နာရီခွဲခန့်က အေးသာယာမြို့၊ အမှတ် (၃) ရပ်ကွက်၊ နယ်မြေ (၄) ရှိ Diamond Star Restaurant and Spa ဆိုင်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

.

ထိုသို့ ဝင်ရောက်ရှာဖွေရာ ဆိုင်အပေါ်ထပ် အခန်းတစ်ခုအတွင်း ဆိုင်ရှင် သိန်းဌေး (ခ) ညိုကြီး နှင့် မန်နေဂျာ ဖြစ်သူ ဝေလျှံခန့် (ခ) ဝေယံ၊ တွေ့ရှိရပြီး အခန်းအတွင်း၌ပလပ်စတစ်ဘူးဖြင့်ထည့်ထားသည့် စိတ်ပြောင်း ဆေးဝါး Happy Water အဝါရောင်အရည် ၂၀ မီလီလီတာခန့် ပါ ၁ ဘူး၊ အဖြူရောင် ဖန်ခွက်အတွင်း စိတ်ပြောင်းဆေးဝါး ကတ်တမင်း အဖြူရောင် အမှုန့်များ ကပ်ပေနေသည့် ဖန်ခွက် ၁ ခွက်၊ ရှူးဖိနပ်အတွင်း အဖြူရောင်ပလပ်စတစ်ကပ်ခွါအိတ်ဖြင့် ထည့်ထားသည့် ကတ်တမင်းဟု ယူဆရသော အဖြူရောင်အမှုန့် အလေးချိန် ၅ ဂရမ်ခန့်ပါ ၁ ထုပ်နှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

.

ထို့အပြင် ဆိုင်အတွင်း ဆက်လက်ရှာဖွေရာ VIP အခန်း (၁/၂/၃) တို့တွင်  တရားဝင် ဗွီဒီယိုလိုင်စင်မရှိဘဲ သီချင်း ဖွင့်လှစ် ကခုန်သီဆိုသည့် Pioneer Dj စက် ၁ လုံး၊ E-impact အသံမြှင့်စက် ၁ လုံး၊ Dragon Power System ပုံး ၁ လုံး၊ PARAMETER မစ်ဆာ ၁ လုံး၊ Xcross မိုက်မစ်ဆာ ၁ လုံး၊ ကြိုးမဲ့မိုက် ၂ လုံး၊ JBL ၁၂ လက္မ ဆောင်းဘောက် ၇ လုံး၊ ၁၈ လက္မ ဘောက် ၄ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

ထို့အပြင် ဆိုင်ကောင်တာအတွင်း ဆက်လက်ရှာဖွေရာ တရားဝင်ယစ်မျိုးလိုင်စင်မရှိဘဲ ရောင်းချ နေသည့် တိုက်ဂါးဘီယာသံဘူး ၃၂ ဘူး၊ ABC ဘီယာ ၃၃ ဘူး တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

.

ဖမ်းမိတာ ဟုတ်ပါတယ်။ စခန်းမှာ ချုပ်ထားပါတယ်။ ကျန်တဲ့ မူးယစ်ဆေးဝါး ကွင်းဆက်တွေ ဆက်လိုက်မှာပေါ့” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

အေးသာယာ အပြင် တောင်ကြီးမှာလည်း ဒါမျိုးတွေ လုပ်နေကြတာ ရှိတယ်။ ဖမ်းတဲ့သူတွေက အဂတိ ကင်းကင်းနဲ့ ကွင်းဆက်တွေ ဆက်လိုက်ဖို့ လိုမယ်။ ညိုကြီးဆိုတာက တောင်ကြီးမြို့ကို Happy ရော၊ K ရော အဓိက ဖြန့်ဖြူးနေတဲ့သူမို့ အရေးကြီးပါတယ်။ မီဒီယာကလည်း စောင့်ကြည့်ဖို့တော့ လိုမယ် ဟု တောင်ကြီး ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

အေးသာယာ အပါအဝင် တောင်ကြီးမြို့နယ်ရှိ KTV ၊ ဘားဆိုင် အချို့တွင် ယင်းကဲ့သို့သော လုပ်ရပ်များ ရှိနေကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်၊ ညပိုင်းကလည်း Royal Taunggyi ရှိ KTV တွင် အရာရှိ တစ်ဦး၊ ဆေးကျောင်းသား တစ်ဦး အပါအဝင် ၅ ဦးကို Happy Water နှင့်အတူ ဖမ်းမိသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ဖူး ကြောင်း သိရသည်။

.

အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ ဆိုင်ပိုင်ရှင် ညိုကြီး (ခ) သိန်းဌေး အား မူးယစ်ဆေးဝါးဥပဒေ၊ ယစ်မျိုးဥပဒေ၊ ဗွီဒီယိုအက်ဥပဒေ တို့ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် အခန်းထိုင် အမျိုးသမီးများနှင့် ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ ဆိုင်အား ယာယီပိတ်သိမ်းထားကြောင်း သိရသည်။

.

No comments:

Post a Comment

Pages