အေးသာယာတွင် ကျောင်းသားကလေးငယ်များ ဂိုဏ်းဆန်ဆန် အုပ်စုဖွဲ့ လှုပ်ရှားမှုများ ရှိနေ ဟုဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, September 8, 2026

အေးသာယာတွင် ကျောင်းသားကလေးငယ်များ ဂိုဏ်းဆန်ဆန် အုပ်စုဖွဲ့ လှုပ်ရှားမှုများ ရှိနေ ဟုဆို

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်

.

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ‌တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ကျောင်းနေအရွယ် ကလေးငယ်များ ဂိုဏ်းဂဏဆန်ဆန် အုပ်စုဖွဲ့ လှုပ်ရှားမှုများ ရှိနေသဖြင့် မလိုလားအပ်သည့် အန္တရာယ်များ မဖြစ်ပေါ်စေရေး အတွက် မိဘအုပ်ထိန်းသူများက ဂရုစိုက် ထိန်းသိမ်းကြပ်မတ်သင့်သည်ဟု ဒေသခံများထံက သိရသည်။

.

.

အဆိုပါ အဖွဲ့ကို Black Group ဟု အမည်ပေးထားပြီး ၃ တန်း၊ ၄ တန်းအရွယ် ကလေးငယ်များ အပါအဝင် ကျောင်းပြင်ပရောက် ကလေးငယ်များလည်း ပါဝင်နေကာ ၎င်းတို့သည် တစ်ပတ်တစ်ကြိမ်ဖြစ်စေ၊ တစ်လ တစ်ကြိမ်ဖြစ်စေ သတ်မှတ်ရက်တွင် အနက်ရောင်ဝမ်းဆက်ကို ဝတ်ဆင်ကြလေ့ရှိသည်ဟု သိရသည်။

.

“သူတို့က လိုင်းပေါ်ကနေ ဖုန်းနဲ့ Group ဖွဲ့တာပါ။ ခေါင်းဆောင်က အေးသာယာကပါ။ ကျောင်းပိတ်ရက် ဆိုရင် အောင်သပြေ၊ ရွှေညောင်အထိ ဆင်းပြီး သူတို့အဖွဲ့ဝင်တွေနဲ့ တွေ့တယ်လို့ ပြောတယ်။ မိဘတွေ အနေနဲ့ ကိုယ်သားသမီးကို ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် သတိထားဖို့၊ စီးပွားရေးပဲ အာရုံစိုက်မနေ ဘဲနဲ့ သားသမီးကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်” ဟု ကျောင်းသား မိဘတစ်ဦးက ပြောဆိုထားသည်။

.

ယင်းအဖွဲ့တွင် တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်မှ ကျောင်းသား ကလေးများလည်း ပါဝင်နိုင်ပြီး မိဘများ အနေဖြင့် ကလေးငယ်များ လမ်းမှားမရောက်စေရေး၊ မဖြစ်သင့်မဖြစ်ထိုက်သည်များ မဖြစ်ပွားစေရေးအတွက် ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်နေသည်ဟု သိရသည်။

.

“သူတို့က ဘယ်လိုရည်ရွယ်ချက်နဲ့ ဖွဲ့တယ်ဆိုတာတော့ မသိနိုင်ဘူးပေါ့။ ဒါပေမဲ့ မဖြစ်သင့်တာ မဖြစ်ရ လေအောင် မိဘတွေ အနေနဲ့ ကလေးတွေကို ဖုန်းပေးမကိုင်တာ အကောင်းဆုံးပါပဲ” ဟု အခြား ကျောင်းသား မိဘတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

မြို့တော် တောင်ကြီး အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကလေးငယ်အချင်းချင်း အုပ်စုဖွဲ့ အနိုင်ကျင့် ရိုက်နှက်မှုများကို မကြာခဏ ကြားသိလာနေရပြီး ယခု ကဲ့သို့ အုပ်စုဖွဲ့ ဂိုဏ်းများ မကြီးထွား လာစေရေးအတွက် မိဘအုပ်ထိန်းသူများ၊ တာဝန်ရှိသူများက ထိန်းသိမ်း ကြပ်မတ် သင့်သည်ဟု ကျောင်းသားမိဘများက ပြောဆိုကြသည်။

.

“အဲဒီလိုဂိုဏ်းတွေ မကြီးလာခင်၊ မဖြစ်သင့်တာ မဖြစ်ခင် ကြိုတင်ကာကွယ်သင့်တာပေါ့။ သူတို့ ကိုယ်စီ ကိုယ်စီ မိဘတွေက ထိန်းနိုင်မယ်ဆိုရင် ဒါက ကြီးလာစရာမရှိဘူး။ အန္တရာယ်မဖြစ်တော့ဘူးပေါ့” ဟု တောင်ကြီးဒေသခံ ကျောင်းသားမိဘတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

မြို့တော် တောင်ကြီးတွင်လည်း လူငယ်ဂိုဏ်းများ ပေါ်ထွက်လာနေပြီး ဂိုဏ်းအဖွဲ့ဝင် လူငယ် ၈ ဦးထက် မနည်းကို ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။၊

.

No comments:

Post a Comment

Pages