.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်
.
ဂျာမနီနိုင်ငံ အရှေ့ပိုင်း ဆက်ဆိုနီပြည်နယ်မှာ
လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဖျက်ဆီးတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး
စုံစမ်းစစ်ဆေးနေစဉ် ဖောက်ခွဲရေးပစ္စည်း စုစုပေါင်း ၂၁ ခုအထိ တွေ့ရှိထားတယ်လို့
အာဏာပိုင် တွေက ပြောပါတယ်။
.
,
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း ဂေါ်လစ်ဇ်ခရိုင်၊
ဂရောက်စ်တိုင် ဓာတ်အားခွဲရုံရဲ့ တောင်ဘက်မှာရှိတဲ့ ဓာတ်အားလိုင်းမြင့်တွေ အနီးကနေ
အိမ်လုပ် ဖောက်ခွဲရေးပစ္စည်း ၉ ခု ထပ်မံတွေ့ရှိခဲ့တာကြောင့် အခုအချိန် အထိ
တွေ့ရှိထားတဲ့ ဖောက်ခွဲရေးပစ္စည်း စုစုပေါင်း ၂၁ ခု ရှိလာပြီလို့ ရဲတပ်ဖွဲ့နဲ့
အစိုးရရှေ့နေတွေက ပူးတွဲ ထုတ်ပြန်ပါတယ်။
.
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဂျာမနီနိုင်ငံမှာ
လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဖျက်ဆီးတိုက်ခိုက်တဲ့ ဖြစ်စဉ် တွေ
ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ လုံခြုံရေးနဲ့ပတ်သက်ပြီး
ဥရောပ တစ်ဝန်း စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
.
ဂျာမနီနိုင်ငံဟာ အရေးကြီးအခြေခံအဆောက်အအုံတွေ
လုံခြုံရေးအားနည်းနိုင်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဥရောပမှာ အထူးစိုးရိမ်စရာ
ဖြစ်လာတာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လက လိုက်ပ်ဇစ်ဟာလေး လေဆိပ်မှာ ဒရုန်း တိုက်ခိုက်မှု
ဖြစ်ပွားခဲ့ပြီးနောက် လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဖျက်ဆီးတဲ့ ဖြစ်စဉ်တွေ
ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဒရုန်းတိုက်ခိုက်မှုအတွက် ရုရှားနိုင်ငံမှာ တာဝန်ရှိတယ်လို့ ဂျာမန် အစိုးရက
တရားဝင် စွပ်စွဲထားပါတယ်။
.
ဂျာမန်ရဲတပ်ဖွဲ့ကလည်း ပြီးခဲ့တဲ့ သောကြာနေ့မှာ
လျှပ်စစ်ဓာတ်အားလိုင်း ဖျက်ဆီးတိုက်ခိုက်မှုတွေကို သူကိုယ်တိုင်
လုပ်ဆောင်ခဲ့တယ်လို့ ရေးသားထားတဲ့ စာတွေ ပေးပို့ခဲ့တဲ့ အမျိုးသားတစ်ဦးကို
ရှာဖွေနေတယ် လို့ ပြောပါတယ်။
.
အဲဒီအမျိုးသားရဲ့ နေအိမ်မှာ
ဖောက်ခွဲရေးပစ္စည်းလို့ ယူဆရတဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိ အချိန်အထိတော့
အဲဒီအမျိုးသားဟာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
.
တစ်ချိန်တည်းမှာပဲ ဘာလင်မြို့မှာ
တနင်္လာနေ့အစောပိုင်းက မီးလောင်ခဲ့တဲ့ ထရန်စဖော်မာ ဓာတ်အားခွဲရုံနဲ့ ပတ်သက်ပြီး
ကနဦးစစ်ဆေးချက်တွေအရ ဖျက်ဆီးတိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ နည်းပညာပိုင်းဆိုင်ရာ
ချို့ယွင်းမှုကြောင့် မီးလောင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ ဘာဘရာ စလိုဗစ်
မိုင်ဇယ် ကို ကိုးကား ပြီး သတင်းဌာနတွေက ဖော်ပြပါတယ်။
.
ဒါ့အပြင် ဂျာမနီနိုင်ငံအနောက်ပိုင်း ဗေးဇယ်
မြို့မှာလည်း ထရန်စဖော်မာ ဓာတ်အားခွဲရုံတစ်ခုရဲ့ လုံခြုံရေး ခြံစည်းရိုးကို
ဖြတ်တောက်ဖွင့်ထားတာ တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အကြီးစားစစ်ဆေးမှု တွေ
ပြုလုပ် နေတယ်လို့ Bild သတင်းစာက ဖော်ပြပါတယ်။
.
Ref -Reuters
.

No comments:
Post a Comment