နီပေါ ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းအတွင်းမှ လူ ၂ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, September 4, 2026

နီပေါ ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းအတွင်းမှ လူ ၂ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်

.

နီပေါနိုင်ငံမှာ ရေခဲတုံး၊ ကျောက်တုံးနဲ့ ရွှံ့မြေတွေ ပြိုကျပြီး လူပေါင်း ၁,၂၀၀ ကျော် သေဆုံးကာ သောင်းနဲ့ ချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီး ၉ ရက်အကြာမှာ ရေအားလျှပ်စစ် စီမံကိန်းတစ်ခုရဲ့ ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူ ၂ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

.

.

ကယ်ဆယ်နိုင်ခဲ့သူ ၂ ဦးဟာ ထရိရှူလီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ အက်ပါ ထရိရှူလီ 3A ရေအားလျှပ်စစ်စက်ရုံရဲ့ ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

.

အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သူနှစ်မှာ စက်ပိုင်းဆိုင်ရာ အလုပ်ခေါင်းဆောင် ဆန်ဂျေး ဆာဟ် နဲ့ စက်ပိုင်းဆိုင်ရာ ကြီးကြပ်ရေးမှူး ကာဘီယာ မဟာဂျန် တို့ဖြစ်တယ်လို့ နီပေါ စွမ်းအင်ဝန်ကြီး ဘီရက် ဘက်တာ ရှရက်သာရဲ့ ရုံးက ထုတ်ပြန်ပါတယ်။

.

ဩဂုတ်လ ၂၆ ရက်နေ့က ထရိရှူလီမြစ် အထက်ပိုင်းမှာ ရေခဲမြစ်တစ်ခု ပြိုကျခဲ့ပြီးနောက် ရေခဲ၊ ကျောက်တုံး နဲ့ ရွှံ့မြေတွေ တောင်ကြားတစ်လျှောက် စီးဆင်းခဲ့တာကြောင့် မြစ်တစ်လျှောက်မှာရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်း ၆ ခုနဲ့ ဆက်စပ်နေတဲ့ ဥမင်လိုဏ်ခေါင်းတွေထဲမှာ လူအနည်းဆုံး ၉၀၀ ခန့် ပိတ်မိနေတယ်လို့ အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ယုံကြည်ထားပါတယ်။

.

ကယ်ဆယ်နိုင်ခဲ့တဲ့ ကာဘီယာ မဟာဂျန်ဟာ လက်နဲ့ ခြေထောက်တွေ မလှုပ်ရှားနိုင်တဲ့ အခြေအနေရှိ နေတယ်လို့ စွမ်းအင်ဝန်ကြီးရဲ့ အကူအညီပေးသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

.

ဒါပေမဲ့ ဆန်ဂျေး ဆာဟ်ရဲ့ ဒဏ်ရာတွေကတော့ စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ဘူးလို့ ဆိုပါတယ်။

.

သူတို့ ၂ ဦးကို နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူရှိ ဆေးရုံတစ်ခုဆီ ပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။

.

ကာဘီယာ မဟာဂျန်ရဲ့ အစ်ကိုဖြစ်သူ အမီရ် မဟာဂျန်ကတော့ သူ့ညီကို ကယ်ဆယ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဆီက တရားဝင်အကြောင်းကြားချက် မရသေးပေမဲ့ ဆေးရုံကို သွားဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

.

“သတင်းတွေကနေ ကျွန်တော့်ညီကို ရှာတွေ့ပြီလို့ ကြားနေရပါတယ်။ မိသားစုတစ်ခုလုံး အရမ်းပျော်နေကြ ပါတယ်” လို့ အမီရ် မဟာဂျန်က ပြောပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages