.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမနှင့်
လမ်းသွယ်များတွင် လမ်းညွှန်အမှတ် အသား ဆိုင်းဘုတ်များ ထင်ရှားစွာ တပ်ဆင်ထားခြင်းမရှိသဖြင့်
ယာဉ်မောင်းအများ တစ်လမ်းမောင်း လမ်းကြောများသို့ လမ်းမှားဝင်ရောက်ကာ အရေးယူခံရမှုများ
ရှိနေပြီး ယာဉ်တိုက်မှုအန္တရာယ် ဖြစ်ပွားလာ မည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများထံက သိရသည်။
.
.တောင်ကြီးမြို့၊ အလယ် BOC ဆိုင်ရှေ့ရှိ
နဂါးပွက်လမ်းမှာ တစ်လမ်းမောင်းဖြစ်ပြီး ဗိုလ်ချုပ်လမ်းမပေါ်မှ ယင်းလမ်းအတွင်းသို့ ဝင်ရောက်ခွင့်
မရှိသော်လည်း တပ်ဆင်ထားသည့် လမ်းညွှန်အမှတ်အသားမှာ မထင်ရှား သဖြင့် နယ်ဝေးမှ လာရောက်သည့်
ယာဉ်မောင်းအချို့ လမ်းမှားဝင်ရောက်မှုများ ရှိနေပြီး ဖမ်းဆီးအရေးယူ ခံနေရခြင်းဖြစ်ကြောင်း
သိရသည်။
.
“မြို့လယ် BOC ဆိုင်မှာ ဆီထည့်ပြီးရင်
မိန်းလမ်းကို ထွက်ရတယ်။ BOC ဆီဆိုင်ကနေ မိန်းလမ်းပေါ်ကို သွားပြီး
နဂါးပွက်ကျောင်းလမ်းကို ဝင်လို့မရဘူး။ ဒါပေမဲ့ တစ်လမ်းမောင်းဆိုင်းဘုတ်က ဘယ်သူမှ
မမြင်ရ ဘူး။ နယ်ဘက်ကလာတဲ့လူတွေဆို အဲဒီလမ်းမှာ လမ်းမှားဝင်မိလို့ ခဏခဏ
အဖမ်းခံနေရတယ်” ဟု တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်နေ ဒေသခံတစ်ဦး’က ပြောသည်။
.
လမ်းညွှန်ဆိုင်းဘုတ်များ မထင်ရှားခြင်းကြောင့်
ယာဉ်မောင်းသူများအတွက် လမ်းကြောင်းမှန်ကို ရွေးချယ် ရာတွင်
အခက်အခဲဖြစ်စေနိုင်သည့်အပြင် မရည်ရွယ်ဘဲ ယာဉ်စည်းကမ်းဖောက်ဖျက်မိခြင်းများလည်း
ဖြစ်ပေါ်စေနိုင်ကြောင်း ဒေသခံများက ဆိုသည်။
.
ထို့အပြင် တောင်ကြီးမြို့၊ မြို့မဈေး
မြောက်ဘက်ရှိ ကုန်သည်လမ်းတွင်လည်း တစ်လမ်းမောင်း လမ်းညွှန် အမှတ်အသားအား
သိသာထင်ရှားစွာ တပ်ဆင်ထားခြင်းမရှိသည့် အတွက် ယာဉ်လမ်းကြော မသိသော
ယာဉ်မောင်းသူအချို့က မကြာခဏ လမ်းမှားထွက်မိကာ ဖမ်းဆီးအရေးယူခံရမှုများ
ရှိနေကြောင်း သိရသည်။
.
“မကြာခင် သီတင်းကျွတ်၊ တန်ဆောင်တိုင်ရောက်တော့မယ်။
တောင်ကြီးကို ဧည့်သည်တွေ အများဆုံး လာကြမယ်။ အဝေးက လာတဲ့ဧည့်သည်တွေဆိုရင် လမ်းကြော
မသိနိုင်ဘူး။ အဲဒီလို လမ်းညွှန်ဆိုင်းဘုတ် တွေ မထင်မရှား ဖြစ်နေတော့ လမ်းမှားဝင်ပြီး
အဖမ်းခံရတာတွေ ဖြစ်လာမယ်။ အခန့်မသင့်ရင် ယာဉ်တိုက်မှုတွေအထိ ဖြစ်လာနိုင်တယ်။ ဒါကို
အမြန်ဆုံး ပြင်ဆင်ဖို့ လိုပါတယ်” ဟု တောင်ကြီး ဒေသခံ တစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်း ဘေးဝဲယာမှ
လမ်းညွှန်ဆိုင်းဘုတ်များအပြင် အခြားမြို့တွင်း လမ်းများရှိ လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်များမှာလည်း
ဆေးရောင်ပြယ်လွင့်ပြီး မထင်မရှား ဖြစ်နေသဖြင့် အမြန်ဆုံး ပြင်ဆင်ပေးရန် လိုကြောင်း
ဒေသခံများက ပြောဆိုကြသည်။
.

No comments:
Post a Comment