.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊
တောင်တိုကျေးရွာအုပ်စု၊ တောင်တိုရေလယ် ကျေးရွာအနီးတွင် နိုဝင်ဘာလ ၆ ရက်၊ ညပိုင်းက အမျိုးသား
တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တောင်တိုကျေးရွာအုပ်စု၊ တောင်တိုရေလယ်ကျေးရွာနေ ကျော်ချစ်ထွေး
ဆိုသူသည် နိုဝင်ဘာလ ၆ ရက်၊ ည ၁၁ နာရီခန့်က လွယ်တော်ကျေးရွာနေ သူငယ်ချင်းဖြစ်သူ အမျိုးသားတစ်ဦးနှင့်အတူ
တောင်တို ကျေးရွာ အနောက်ဘက် လယ်ကွင်း၌ ဂိမ်းဆော့နေစဉ် PNA ပြည်သူ့စစ်ဝတ်စုံ
ဝတ်ဆင်ထားသည့် အမည်မသိ အမျိုးသား ၃ ဦး ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအား ဖမ်းဆီးသဖြင့်
ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ထွက်ပြေးရာတွင် အမျိုးသား ၃ ဦးမှ သေနတ်ဖြင့်
ပစ်ခတ်ရာ ကျော်ချစ်ထွေးတွင် ဝဲပေါင် ကျည်ဖောက်ဝင် ဒဏ်ရာ ရရှိခဲ့ပြီး ညောင်ရွှေမြို့နယ်၊
နန်းပန်တိုက်နယ်ဆေးရုံမှတစ်ဆင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ တက်ရောက်ဆေးကုသမှု
ခံယူလျက်ရှိကာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
.
ဖြစ်စဉ်နှင့် ပတ်သက်၍ နန်းပန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးအား
ဆက်သွယ်မေးမြန်းရာတွင် “အပစ်ခံရတာ တစ်ဦးပါ။ နောက်တစ်ဦးက ဒဏ်ရာမရပါဘူး။ မနေ့က ပြန်တွေ့ပါတယ်။
ကျူးလွန်သူကိုတော့ PNA က ၂ ဦး လာအပ်ထားပါတယ်။ အမှုဖွင့်ထားပါတယ်”
ဟု ပြောသည်။
.
ယင်းကဲ့သို့ သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်၍ PNA
ပြည်သူ့စစ်မှ ပြောရေးဆိုခွင့်ရှိသူက “အဲဒီလို ပစ်မှုကျူးလွန်သူတွေ ကို
ဥပဒေအရ အရေးယူသွားမှာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်၍ ကျူးလွန်သူ PNA
ပြည်သူ့စစ်ဝတ်စုံဝတ် ၂ ဦးအား နန်းပန်နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ
၃၀၇ ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်၊ နေ့လယ်ပိုင်းကလည်း
တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ ကောင်းမှုစဉ် ကျေးရွာအနီးတွင် အသက်
၁၅ နှစ်အရွယ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီး ၂ ဦး သေနတ်ဖြင့် ပစ်ခတ် ခံရပြီး သေဆုံးခဲ့ကာ
ကျူးလွန်သူ PNA ပြည်သူ့စစ် တပ်ဖွဲ့ဝင်ကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်ဟု
သိရသည်။
.

No comments:
Post a Comment