.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်
.
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ထူးရတနာအောင်
ကိုယ်ပိုင်မူလတန်းကျောင်း တည်ထောင်သူ ဒေါ်ရွှေရည်ဝင်း (ခေါ်) ဒေါ်နွယ်နွယ်ဝင်းက
ကျောင်းရှယ်ယာငွေများနှင့် ကျောင်းသားမိဘများထံမှ ငွေကြေးများကို လိမ်လည်ရယူကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း
သိရသည်။
.
.ကျောင်းတည်ထောင်သူ ဒေါ်ရွှေရည်ဝင်း (ခေါ်) ဒေါ်နွယ်နွယ်ဝင်းက ကျောင်း ရှယ်ယာရှင်များထံမှ ရှယ်ယာငွေကြေး များကို
လိမ်လည်သွား သည့်အပြင် ကျောင်းသားမိဘများအား အယုံသွင်းကာ ငွေးချေးယူထွက်ပြေးသွားခဲ့ခြင်းဖြစ်ကာ
ကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာ/ဆရာမများနှင့် ရုံးဝန်ထမ်းများ၏ လစာများကိုလည်း
ပေးချေခြင်း မရှိသေးကြောင်း ယင်း ကျောင်းမှ ကျောင်းအုပ်ထံက သိရသည်။
.
“ကျွန်မတို့က သူ့ရဲ့ဝန်ထမ်းပါ။ လစာကတော့ အရင်လ
၁၀ လပိုင်းလစာ မရှင်းရသေးပါဘူး။ မပေးနိုင်တော့တဲ့အချိန် နည်းနည်း စကားတွေများကြသေးပါတယ်။
ကလေးမိဘတွေ ကတော့ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ လွတ်မယ်။ အကုန်လုံးနီးပါး
လိမ်သွားပါတယ်" ဟု ထူးရတနာအောင် ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်က ပြောသည်။
.
လက်ရှိ ကျောင်းသား/သူများ၏ သင်ကြားရေးနှင့် ပတ်သက်၍
ကျောင်းအုပ်နှင့် ဆရာ/ဆရာမများက ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
“မနေ့က မိဘ၊ ဆရာ အစည်းအဝေး အရင်လုပ်လိုက်တယ်။
သင်ကြားရေးနဲ့ ပတ်သက်လို့ရှိရင် တီချယ်တို့က အဆုံးထိ တာဝန်ယူသွားမှာဖြစ်လို့
စိတ်မပူဖို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ Personal နဲ့ ပတ်သက်တဲ့
ငွေကြေးကိစ္စကတော့ တီချယ်တို့နဲ့ မသက်ဆိုင်ပါဘူး။ ကျောင်းကိုတော့ ဆက်ပြီး
တာဝန်ယူသွားမှာပါ” ဟု ကျောင်းအုပ်က ဆက်လက်ပြောဆိုခဲ့သည်။
.
ထူးရတနာအောင် ကိုယ်ပိုင်ကျောင်းတွင် လက်ရှိ ဆရာ/ဆရာမ
၉ ဦးနှင့် ရုံးဝန်ထမ်းတစ်ဦး စုစုပေါင်း ဝန်ထမ်း ၁၀ ဦး ရှိပြီး ကျောင်းသား၊
ကျောင်းသူ ၁၈ ဦး တက်ရောက်ပညာသင်ကြားနေလျက်ရှိကာ Pre-KG မှ Grade-5
အထိ သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
.
ကျောင်းတည်ထောင်သူ ဒေါ်ရွှေရည်ဝင်း (ခေါ်) ဒေါ်နွယ်နွယ်ဝင်းသည်
ထူးရတနာအောင် ကိုယ်ပိုင်မူလတန်းကျောင်း အပြင် Maths World International
Olympaid Mathematics Center အမည်ဖြင့် သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်
ထားပြီး လက်ရှိတွင် ယင်းသင်တန်းကျောင်းကိုလည်း ပိတ်ထားကြောင်း တွေ့ရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ထူးရတနာအောင်ကိုယ်ပိုင်ကျောင်း
တည်ထောင်သူ ဒေါ်ရွှေရည်ဝင်း (ခ) ဒေါ်နွယ်နွယ်ဝင်း အား ဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်၍
မရခဲ့ချေ။
.
ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “သိသိချင်းပဲ
ကွင်းဆင်းစစ်ဆေး ခိုင်း ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ
ကိုယ်ပိုင်ကျောင်း အစည်းအဝေး ဆောင်ရွက်ညွှန်ကြားချက်နဲ့ ကိုယ်ပိုင် ကျောင်းတွေ လိုက်နာဆောင်ရွက်ရမယ့်
အချက်တွေကိုလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.

No comments:
Post a Comment