.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
.
မကြာမီ ကျင်းပပြုလုပ်တော့မည့် ၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း
ဖွင့်လှစ်ရောင်းချမည့် ဆိုင်ခန်းများ လိုက်နာရမည့် စည်းကမ်းချက်များကို ပွဲတော်ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီက
ထုတ်ပြန် ထားရာ ယင်းစည်းကမ်းချက်များတွင် အရက်/ဘီယာ ရောင်းချခြင်း၊ သုံးစွဲခြင်းမပြုရန်
ဟူသည့်အချက် ပါဝင်လာ ကြောင်း သိရသည်။
.
.စည်းကမ်းချက် အပိုဒ် (ဆ) တွင် ပွဲဈေးဆိုင်ခန်းများအတွင်း
မူးယစ်ဆေးဝါးများ ရောင်းချခြင်း၊ သုံးစွဲခြင်း၊ အရက်ဘီယာများရောင်းချခြင်း၊
သုံးစွဲခြင်း၊ တရားဥပဒေနှင့် မလွတ်ကင်းသော လောင်းကစားနည်းများ ထည့်သွင်းဆောင်ရွက်ခြင်း
မပြုရန်အပြင်ပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်စေမည့် Sound Box များဖြင့် အသံကျယ်လောင်စွာ ဖွင့်ခြင်း၊ ကခုန်ခြင်းမပြုရန်ကိုလည်း အပိုဒ် (ည)တွင်
ဖော်ပြ၍ ပွဲတော် ကျင်းပရေး ဘဏ္ဍာငွေကြီးကြပ်ရေး
လုပ်ငန်းကော်မတီက တားမြစ်ထားခြင်းဖြစ်သည်။
.
“ကော်မတီက စည်းကမ်းချက်တွေ ထုတ်တာကတော့ ထုတ်တာပေါ့။
တချို့ ဟာတွေကျတော့ မဖြစ်သင့်တဲ့ စည်းကမ်းချက်တွေ၊ လိုက်နာဖို့ ခက်ခဲတဲ့ စည်းကမ်းချက်တွေ
ထုတ်နေရင်တော့ လူရယ်စရာပဲ ဖြစ်နေမှာပါ။ ပွဲထဲမှာ အရက်၊ ဘီယာ မရောင်းရ၊ မသုံးစွဲရ စည်းကမ်းထုတ်ထားတယ်။
ပွဲခင်းထဲက ဘားတွေ၊ အရက်ဘီယာဆိုင်ကြီးတွေ၊ အရက်ဘီယာ ကြော်ငြာ ဆိုင်းဘုတ်တွေက ဘာလဲပေါ့”
ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ထို့အတူ အခြား ဒေသခံတစ်ဦးကလည်း ပွဲတော်အတွင်း လောင်းကစားဝိုင်းများ
ထည့်သွင်းဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားသော်လည်း ငွေကြေး အလျော်အစားပါဝင်သည့် လောင်းကစားနည်းများကို
ပွဲတော်အတွင်း ပုံစံ အမျိုးမျိုးဖြင့် ထည့်သွင်းပြုလုပ်နေသည်ကို နှစ်စဉ် မြင်တွေ့နေရပြီး
တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ် တားမြစ်မှုမရှိကြောင်း ပြောဆိုခဲ့သည်။
.
ထို့အပြင် ဈေးဆိုင်ခန်းများအား သွပ်မိုးတစ်ထပ်အဆောက်အဦသာ
ဆောက်လုပ်ရန်နှင့် အမိုးပေါ်တွင် အခြား နည်းလမ်းဖြင့် အသုံးမပြုရန်၊ မီးသတ်ဆေးဘူး ထားရှိရန်၊
ဈေးဆိုင်ခန်းမှ ထွက်ရှိသည့် အမှိုက်က်နှင့် ရေဆိုးများအား စနစ်တကျ စွန့်ပစ်ရန်၊ ဈေးဆိုင်ခန်းအတွင်း
သန့်စင်ခန်းထည့်သွင်း တည်ဆောက်ခြင်းမပြုရန်တို့ကို တားမြစ်ထားသည် ဟု သိရသည်။
.
တောင်ကြီး-ကျောက်တလုံးကြီးလမ်းမတစ်လျှောက်ရှိ ဈေးဆိုင်ခန်းများအနေဖြင့်
လမ်းလယ်နှုတ်ခမ်းမှ ၁၂ ပေ ခွာ၍ ဆိုင်ခန်းဆောက်လုပ်ရန်နှင့် လမ်းအနောက်ဘက်ခြမ်းတွင်
ဆိုင်ခန်းများ ဆောက်လုပ်ခြင်းမပြုရန် တားမြစ်ထားပြီး ဆိုင်ခန်း အမိုး အဖီများ ကားလမ်းပေါ်သို့
ကျရောက်ခြင်းမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
.
ဈေးဆိုင်ခန်းတွင် ရောင်းချမည့် တာဝန်ခံ၊ အရောင်းဝန်ထမ်းများ၊
အလုပ်သမားများ၏ အချက်အလက်များကို ပွဲတော်ကျင်းပရေး ဘဏ္ဍာငွေကြီးကြပ်ရေးကော်မတီသို့
တင်ပြရမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း နေ့စဉ် မီးပုံးပျံ အားလုံး လွှတ်တင်ပြီးချိန်တွင်
ဆိုင်များ ပိတ်သိမ်းရမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment