.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
.
တရုတ်နိုင်ငံက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)
နဲ့ နီးကပ်တဲ့ ဆက်နွှယ်မှုရှိတဲ့ Northwestern Polytechnical
University တက္ကသိုလ်ဟာ အမေရိကန်ရဲ့ ပို့ကုန်ပိတ်ပင်စာရင်းထဲမှာ
ပါဝင်နေပေမဲ့ ပြီးခဲ့တဲ့လက Nvidia ရဲ့ စွမ်းဆောင်ရည်မြင့် H200 AI ချစ်ပ် ၂ ခုကို ယွမ် ၈၇၄,၇၀၀ နဲ့ ဝယ်ယူခဲ့တယ်လို့ ဝယ်ယူရေးမှတ်တမ်းတွေ အရ သိရပါတယ်။
.
.အဲဒီချစ်ပ်တွေကို Nvidia ဆီက
တိုက်ရိုက်ဝယ်ယူတာမဟုတ်ဘဲ တရုတ်နည်းပညာကုမ္ပဏီတစ်ခု ကတစ်ဆင့် ဝယ်ယူ ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တက္ကသိုလ်ဟာ H200 ချစ်ပ်တွေအပြင် အမေရိကန်က
တရုတ်နိုင်ငံကို တင်ပို့ခွင့်ပိတ်ပင် ထားတဲ့ Nvidia A100 နဲ့
A800 ချစ်ပ်တွေ အသုံးပြုထားတဲ့ ဆာဗာတွေကိုလည်း
ပြည်တွင်းကုမ္ပဏီတွေဆီက ငှားရမ်း အသုံးပြုခဲ့တယ်လို့ Reuters က ဖော်ထုတ်ခဲ့ပါတယ်။
.
အဲဒီတက္ကသိုလ်ဟာ စစ်လေယာဉ်၊ ဒုံးကျည်နဲ့
ဂြိုဟ်တုဆိုင်ရာ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ဒုံးကျည် ပြန့်ပွားရေးနဲ့
စစ်ဘက်သုတေသနတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၀၁ ခုနှစ်ကတည်းက
အမေရိကန် ရဲ့ Entity List ပို့ကုန်ပိတ်ပင်စာရင်းထဲ
ထည့်သွင်းခံထားရတာဖြစ်ပါတယ်။
.
Reuters က တရုတ်နိုင်ငံရဲ့ ဝယ်ယူရေးမှတ်တမ်း ၂၆
ခုကို စိစစ်ခဲ့ရာမှာ အခြားတက္ကသိုလ်တွေနဲ့ သုတေသန အဖွဲ့အစည်းတွေဟာလည်း အမေရိကန်က
တင်ပို့ခွင့်ကန့်သတ်ထားတဲ့ Nvidia ချစ်ပ်တွေကို
ပြည်တွင်းကုမ္ပဏီတွေက တစ်ဆင့် ဝယ်ယူတာ၊ ချစ်ပ်တွေတပ်ဆင်ထားတဲ့ ဆာဗာတွေကို
ငှားရမ်းတာတွေ ပြုလုပ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။
.
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ဇန်နဝါရီလမှာ
H200 ချစ်ပ်တချို့ကို တရုတ်နိုင်ငံဆီ တစ်ခုချင်းစီ စိစစ်ပြီး
တင်ပို့ခွင့်ပြုခဲ့ပေမဲ့ ပို့ကုန်ပိတ်ပင်စာရင်းဝင် တက္ကသိုလ်တွေကိုတော့
အဲဒီခွင့်ပြုချက် မသက်ရောက်ပါဘူး။
.
တစ်ဖက်မှာလည်း Nvidia အမှုဆောင်အရာရှိချုပ်
Jensen Huang က တရုတ်နိုင်ငံကို ချစ်ပ်တွေ ဆက်လက်ရောင်းချ ခွင့်ပြုခြင်းဟာ
အမေရိကန်ရဲ့ နည်းပညာဦးဆောင်မှုကို ထိန်းသိမ်းနိုင်မယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ အမေရိကန် လွှတ်တော်အမတ်တွေကတော့ အဆင့်မြင့် AI ချစ်ပ်တွေကို
တရုတ်စစ်တပ်က လက်နက်ဒီဇိုင်း၊ ထောက်လှမ်းရေးနဲ့ စစ်ဘက်ခေတ်မီရေးလုပ်ငန်းတွေအတွက်
အသုံးပြုလာနိုင်တာကြောင့် ပို့ကုန်ထိန်းချုပ်မှုတွေ ပိုမိုတင်းကျပ်ဖို့
တောင်းဆိုနေကြပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment