တောင်ကြီးမြို့ပေါ်တွင် မဟာသင်္ကြန် ဖျော်ဖြေရေးမဏ္ဍပ် ၉ ခု ဆောက်လုပ်သွားမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, March 30, 2026

တောင်ကြီးမြို့ပေါ်တွင် မဟာသင်္ကြန် ဖျော်ဖြေရေးမဏ္ဍပ် ၉ ခု ဆောက်လုပ်သွားမည်

၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက် . ၁၃၈၇ ခုနှစ်၊ တောင်ကြီးမြို့တော် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတွက် တောင်ကြီးမြို့ပေါ်တွင် ဝန်ကြီးဌာနများ အလိုက် ဖျော်ဖြေရေးမဏ္ဍပ် ၉ ခု ထည့်သွင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.

“ အရင် နှစ်တုန်းကတော့ ငလျင်ကြီးကြောင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲကို အေးသင်္ကြန်အဖြစ်ပဲ ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ ယိမ်းအကပြိုင်ပွဲတွေ၊ ဒေသခံအဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ တောင်ကြီးမြို့ပေါ်မှာ ဗဟိုမဏ္ဍပ် အပါအဝင် မဏ္ဍပ် ၉ ခု ဆောက်လုပ်ဖို့ စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု တောင်ကြီးမြို့တော် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေး၊ မှတ်တမ်းတင်ရေးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက ပြောသည်။
.
အဆိုပါ မဏ္ဍပ်များမှာ ရှမ်းပြည်နယ်လွှတ်တော်အနီးတွင် ဗဟိုမဏ္ဍပ်၊ ပြည်နယ်လမ်းဦးစီးဌာနရှေ့၊ ဗိုလ်ချုပ်ပန်းခြံထောင့်၊ City Square ရှေ့၊ ကုန်သည်လမ်းထိပ်၊ မြို့မဈေးဆိုင်ကယ်စတန်း၊ တရုတ်ဘုံကျောင်းရှေ့၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှေ့နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရှေ့တို့တွင် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် လမ်းလျှောက်သင်္ကြန်အဖြစ် ဗဟိုမဏ္ဍပ်၏ ဘေးဘယ်ညာ ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် သပြေလမ်းထောင့် (စာတိုက်ထောင့်) မှ ရဲရိပ်သာ ရှေ့ အထိ တစ်နေရာနှင့် City Square ရှေ့မှ Jasmine Hotel ရှေ့အထိ တစ်နေရာ၊ စုစုပေါင်း ၂ နေရာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
သင်္ကြန်ယိမ်းပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ ၂၀ ခန့် ရှိကာ ဖျော်ဖြေရေး ယိမ်းအဖွဲ့များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ . မဟာသင်္ကြန်ပွဲတော်နှင့်အတူ သင်္ကြန်အကြိုနေ့မှ နှစ်ဆန်း ၃ ရက်အထိ ၇ ရက်တိုင်တိုင် အသံမစဲ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကိုလည်း ကျင်းပသွားမည် ဖြစ်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါန စုပေါင်း ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားနာယူပွဲတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုရသည်။
.
ထို့အပြင် ထူးထူးခြားခြား အနေဖြင့် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်လာစေရေးအတွက် သင်္ကြန်ပွဲတော်နှင့်အတူ သနပ်ခါး ကမ်ပိန်းအပြင် ရှမ်းပြည်နယ်ဒေသထွက် လက်ဖက်နှင့် ကော်ဖီ ကမ်ပိန်းများ၊ မြန်မာ့ရိုးရာထမနဲ ကမ်ပိန်းများကိုလည်း ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

Pages