လောင်စာဆီ အကြပ်အတည်းကြောင့် သွားလာရေး သာမက စိုက်ပျိုးရေးကိုပါ ထိခိုက်လာနိုင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, March 22, 2026

လောင်စာဆီ အကြပ်အတည်းကြောင့် သွားလာရေး သာမက စိုက်ပျိုးရေးကိုပါ ထိခိုက်လာနိုင်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်


အရှေ့အလယ်ပိုင်းဒေသ စစ်ရေးအခြေအနေများကြောင့် ဖြစ်‌ပေါ်လာသောလောင်စာဆီ အကြပ်အတည်းသည် ပြည်တွင်း သွားလာရေးသာမက စိုက်ပျိုးရေးကိုပါ ထိခိုက်လာနိုင်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ် တောင်ပိုင်း ဓာတ်မြေသြဇာ စျေးကွက်တွင် သယ်ယူပို့ဆောင်ခ စရိတ် မြင့်တက်လာသဖြင့် ဓာတ်မြေသြဇာ စျေးနှုန်းများ မြင့်တက် လာနေသည်ဟု သိရသည်။

.

အောင်ပန်းစျေးကွက်တွင် မတ်လ ၂၂ ရက်နေ့ ပေါက်စျေးအရ အာမိုတစ်အိတ်လျင် ၁၉၀၀၀၀ ကျပ်၊ ပုလဲ တစ်အိတ်လျင် ၁၁၀၀၀၀ ကျပ်နှင့် သီးနှံစုံ တစ်အိတ်လျင် ၈၅၀၀၀ ကျပ် တို့ ရှိနေသည်။


"ထုတ်လုပ် ဖြန့်ဖြူးတဲ့ စျေးအတိုင်း ရောင်းနေပါတယ်။ ကားခကတော့ လတ်တလောကို ကျပ် ၃၀၀၀/၄၀၀၀ လောက်အထိကို တက်နေတယ်။ ခုထိတော့ သယ်လို့ ရနေသေးတယ်။" ဟုအောင်ပန်းမြို့ရှိ ဦးမှတ်ကြီး ဓာတ်မြေသြဇာဆိုင်က ပြောသည်။

.

ယင်း ဦးမှတ်ကြီး ဓာတ်မြေသြဇာဆိုင်၏ ရောင်းအားမှာ တစ်နှစ်လျင် ဓာတ်မြေသြဇာမျိုးစုံ အိတ် ၅၀၀၀၀ မှ ၁၀၀၀၀၀ ထိ ရှိကြောင်း သိရသည်။

.

"ဓာတ်မြေသြဇာက နှစ်တိုင်း ခုလိုအချိန် ဝယ် စုထားရတာ၊ ခုပုံနဲ့ဆို သီးနှံထွက်တာ ဝယ်သူ မရှိ၊ ပို့အား မရှိနဲ့ လာမယ့်ရာသီ စိုက်တာ နည်းတော့မယ်။” ဟု ဟဲဟိုးမှ တောင်သူ တစ်ဦးက ပြောသည်။


လောင်စာဆီ ဝယ်ယူရ ခက်ခဲခြင်းနှင့် စျေးတက်ခြင်းတို့ကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် အခက်အခဲ မျိုးစုံကြုံတွေ့လာနိုင်ပြီး တောင်သူများနှင့် ပွဲရုံများ ကြပ်တည်းလာနေကြောင်း၊ ယခုရာသီအတွင်း စိုက်ဧက လျော့နည်းလာနိုင်ကြောင်းကိုလည်း တောင်သူများက မှန်းဆကြသည်။

.

စက်သုံးဆီ ဖြန့်ဝေရာတွင် တောင်သူ လယ်သမားများ၏ လိုအပ်ချက်ကို ဦးစားပေး ကူညီပေးရန်၊ ထွန်စက်များနှင့် ရိတ်သိမ်းခြွေလှေ့စက်များအတွက် စက်သုံးဆီ လုံလောက်စွာ ရရှိရေးကို ဆန်စက်ပိုင်ရှင်များ၊ ကုန်သည်များနှင့် ကုမ္ပဏီများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကလည်း တိုက်တွန်းထားသည်။

.

ထို့အပြင် နိုင်ငံတကာဈေးကွက်အတွင်း မတည်မငြိမ် ဖြစ်ပေါ်မှုများနှင့် အချို့နိုင်ငံများ၏ တင်ပို့ရောင်းချမှု၊ ကန့်သတ်မှုများကြောင့် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာနေသဖြင့် သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာများကို ကြိုတင်ပြင်ဆင်ထုတ်လုပ် အသုံးပြုရန် MRF က အကြံပြုသည်။


စက်သုံးဆီနှင့် ဓာတ်မြေဩဇာများကို မလိုအပ်ဘဲ စုဆောင်း သိုလှောင်ခြင်း မပြုလုပ်ကြရန်နှင့် ချွေတာ အသုံးပြုကြရန်၊ တောင်သူလယ်သမားများနှင့် ဆန်စပါးလုပ်ငန်းဆိုင်ရာ ပါဝင် ပတ်သက်သူများအား MRF က မေတ္တာရပ်ခံ ပန်ကြားထားသည်။

.

#KBZTai  #Shan  #News

No comments:

Post a Comment

Journal Download

Photo of three cats

Pages