အောင်ပန်းကုန်စိမ်းဈေးတွင် တောင်သူများကိုယ်တိုင် လာရောက်ရောင်းချနေသော်လည်း ဈေးကောင်းမရ ဖြစ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, March 25, 2026

အောင်ပန်းကုန်စိမ်းဈေးတွင် တောင်သူများကိုယ်တိုင် လာရောက်ရောင်းချနေသော်လည်း ဈေးကောင်းမရ ဖြစ်နေ

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်

.

ဝယ်လက်များက စိုက်ခင်းများသို့ လာရောက်ဝယ်ယူကြခြင်း မရှိတော့သည့်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်းမှ စိုက်ပျိုးတောင်သူများကိုယ်တိုင် အောင်ပန်းမြို့ရှိ ကုန်စိမ်းဈေးကွက်သို့ လာရောက် ရောင်းချ နေသော်လည်း လယ်ယာထွက်ကုန်များ ဈေးကောင်းမရ ဖြစ်နေကြောင်း တောင်သူများ ထံက သိရသည်။

.

.

ကုန်သည်များအနေဖြင့် စက်သုံးဆီ အခက်အခဲကြောင့် ကုန်ကားများ မထွက်နိုင်တော့သည့်အတွက် လယ်ယာစိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများကို  ရန်ကုန်နှင့် မြို့ကြီးများသို့ တင်ပို့နိုင်ရန် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

“ဆီ လုံလောက်အောင်မရတော့ ကားမထွက်နိုင်၊ ကားမထွက်နိုင်တော့၊ စိုက်ခင်းတွေဆီက မဝယ်နိုင်၊ အဲဒီတော့ တောင်သူတွေမှာလည်း မရောင်းရရင် ဆုံးရှုံးရမှာဖြစ်လို့ ကိုယ်တိုင် ရှိတဲ့ဆီလေးနဲ့ လာရောက်ကြ ပေမဲ့ ဝယ်လက်နည်းတော့ ဈေးမရဘူးပေါ့။ အားလုံး အကြပ်ရိုက်နေကြပါပြီ” ဟု အောင်ပန်းမြို့ရှိ ကုန်စိမ်းဒိုင် တစ်ဦးက ပြောသည်။

.

ယခင်က ကားစီးရေ ဆယ်ချီဖြင့် ကုန်စိမ်းများတင်ဆောင်၍ အခြားမြို့များသို့ သယ်ယူရောင်းချနေရသည့် ကုန်ကားများမှာ ယခုထွက်ရှိနိုင်မှု မရှိသလောက် ဖြစ်နေသည်ဟု သိရသည်။

.

“အရင်ကတောင် လမ်းမှာကြန့်ကြာရင် ကုန်စိမ်းတွေ ပျက်တာ၊ မလတ်ဆတ်တာတွေဖြစ်နေတာ။ အခု ဆီမရလို့ လမ်းမှာခက်ခဲပြီဆိုရင် အားလုံးရှုံးရမှာဆိုတော့ မရင်းရဲဘူးလေ” ဟု ကုန်စိမ်းသည်တစ်ဦးက ပြောသည်။

.

တောင်သူများအနေဖြင့် ဈေးကွက်သို့ ကိုယ်တိုင်လာရောက်ရောင်းချကြရာတွင် ဒေသခံ စားသုံးသူမှအပ ဈေးကွက်တောင်းဆိုမှု နည်းပါးသဖြင့် ကုန်စိမ်းတစ်ပိဿာလျှင် ရသင့်သည့်ဈေးထက် ကျပ် ၃၀၀ မှ ၄၀၀ အထိ လျော့နည်းရရှိနေသဖြင့် ငွေပေါ်အရှုံးအနေနှင့်သာ လာရောက်ရောင်းချနေကြရကြောင်း ဟဲဟိုးမှ တောင်သူတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

“အခင်းထဲ ဒီအတိုင်းထားရင် အားလုံးရှုံးမယ်။ လုပ်သားခ၊ ဆီခ၊ ယာဉ်ခနဲ့ ငွေပေါ်ရသမျှ လာရောင်းရတာ။ နောက်စိုက်ရာသီကို ဒီအတိုင်းဆို ဘာလုပ်ရမှန်းကို မသိတော့ဘူး” ဟု ဟဲဟိုး၊ဝါးရုံရွာမှ တောင်သူတစ်ဦးက ပြောသည်။

.

ပန်းဂေါ်ဖီ အထုပ်ကြီးတစ်ထုပ်လျှင် အောင်ပန်း၌ ၈၀၀ မှ ၁၂၀၀ ကျပ်အထိသာ ရရှိနေ​သော်လည်း ရန်ကုန်တွင်မူ ယင်းပန်းဂေါ်ဖီအလေးချိန်တူကို ကျပ် ၃၀၀၀ ခန့်အထိ ပေးဝယ်နေကြရသည်ဟု ၎င်းက ပြောသည်။

.

ကုန်စိမ်းထွက်ရှိရာနေရာများတွင် ဈေးမရသော်လည်း စားသုံးသူများပြားသည့် ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင်မူ ကုန်များမဝင်သဖြင့် ကုန်စိမ်းဈေးများ တစ်ဆခန့် ဈေးတက်နေကြောင်းသိရသည်။

.

လက်ရှိတွင် ကုန်ကားများ ဆီလုံလောက်စွာမရသဖြင့် ကုန်တင်ပို့ခြင်း မရှိနိုင် ဖြစ်နေသလို တင်ပို့ပါကလည်း ကားခမှာ တစ်ပိဿာလျှင် ကျပ် ၃၀၀ မှ ၆၀၀ အထိ မြင့်တက်လျက်ရှိနေကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages