စက်သုံးဆီအခက်အခဲကြောင့် ရေကား မှာယူရန် ခက်ခဲလာဟုဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, March 25, 2026

စက်သုံးဆီအခက်အခဲကြောင့် ရေကား မှာယူရန် ခက်ခဲလာဟုဆို

.

၂၀၂၆ ခုနှစ်၊ မတ်လ  ၂၅ ရက်

.

လတ်တလော ကြုံတွေ့နေရသည့် စက်သုံးဆီအကြပ်အတည်းကြောင့် တောင်ကြီးမြို့ပေါ်တွင် ရေကား မှာယူသုံးစွဲရန်ပင် အခက်အခဲဖြစ်ပေါ်လာနေရကြောင်း သိရသည်။

.

.

တောင်ကြီးမြို့ပေါ်နေ ပြည်သူအများစုသည် သုံးစွဲရေအတွက် ရေကားများကို မှာယူသုံးစွဲနေကြရခြင်း ဖြစ်ပြီး ယခု စက်သုံးဆီ အကြပ်အတည်းကြောင့် ရေကားမှာယူသုံးစွဲရန်ပင် အခက်အခဲများ ဖြစ်ပေါ်နေပြီး သုံးစွဲရေ ပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

.

“သောက်ရေအတွက်က ရေသန့်ကားကနေ ဝယ်သုံးလို့ရနေသေးတယ်။ သုံးရေအတွက်ကြတော့ မှာချင်တိုင်း မှာလို့မရတော့ဘူး။ ဆီမရတော့ ရေကားတွေလည်း သိပ်မထွက်နိုင်တော့ဘူးထင်တယ်။ ရေရမယ်ဆိုရင် ဈေးတက်လည်း ပေး၀ယ်ရမယ့်သဘော ဖြစ်နေတယ်” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈) တွင် နေထိုင်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

သုံးစွဲရေ သယ်ယူရောင်းချသည့် ရေကားများအနေဖြင့်လည်း စက်သုံးဆီရရှိသည့်အပေါ် မူတည်၍ ပုံမှန် ဝယ်ယူသည့် ဖောက်သည်များကို ဦးစားပေး ပို့ဆောင်နေရပြီး အခြား မှာယူသူများကို အလှည့်ကျဖြင့် ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်ပေးနေရကြောင်း သိရသည်။

.

“တတ်နိုင်သလောက်တော့ အကုန်လုံးကို ရစေချင်တာပေါ့။ အခုက ပုံမှန်ဖောက်သည်ကို ဦးစားပေးနေ ရတဲ့ သဘောပေါ့။ ကြားကမှာတဲ့အိမ်တွေကိုလည်း ကားတစ်စီးလုံးအပြည့် မရတောင် တစ်အိမ်ကို တစ်ဝက်နှုန်းနဲ့ ပို့ပေးပါတယ်။ နည်းနည်းတော့ ပိုပင်ပန်းတာပေါ့။ သုံးရေကား တစ်ဝက်လောက်ရတော့လည်း အဆင်ပြေ သွားတာပေါ့” ဟု ရေရောင်းချသူ ကိုဂူးလေးက ပြောသည်။

.

လက်ရှိတွင် ပို့ရသည့် နေရာ အနီးအဝေးပေါ် မူတည်၍ ရေကားတစ်စီးလျှင် ၂၀၀၀၀ ကျပ် ဝန်းကျင်ခန့်ဖြင့် ပို့ဆောင်ပေးနေကြောင်း ရေကား မောင်းနှင်သူများထံက သိရသည်။

.

တောင်ကြီးမြို့သည် မြေအောက်ရေကို အဓိကထား သုံးစွဲနေရပြီး စည်ပင်ရေပိုက်လိုင်းမှာလည်း အပြည့်အဝ လွှမ်းခြုံနိုင်ခြင်း မရှိသည့်အတွက် နွေရာသီရောက်တိုင်း သုံးရေ ရှားပါးမှုပြဿနာကို နှစ်စဉ်ကြုံတွေ့ရ တတ်ပြီး ယခု စက်သုံးဆီအကြပ်အတည်းကြောင့် လာမည့် နွေရာသီအတွင်း သုံးစွဲရေပြဿနာ ပိုမိုကြုံတွေ့ လာနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages