တောင်ကြီးမြို့၊ နာရီစင်ညဈေး နေရာတွင် ၇ ထပ် အဆောက်အဦ ဆောက်လုပ်ရန် စာချုပ် ချုပ်ဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, March 31, 2026

တောင်ကြီးမြို့၊ နာရီစင်ညဈေး နေရာတွင် ၇ ထပ် အဆောက်အဦ ဆောက်လုပ်ရန် စာချုပ် ချုပ်ဆို

.

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်

.

ရှမ်းပြည်နယ်နယ်မြို့တော် တောင်ကြီးမြို့၊ တပင်ရွှေထီးလမ်းရှိ နာရီစင်ညဈေးတန်း နေရာတွင် အဆင့်မြင့် ကားပါကင်နှင့် ခေတ်မီဈေး ပါဝင်သော ၇ ထပ်အဆောက်အဦကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

ယာဉ်ရပ်နားစခန်း အဆောက်အဦ ဆောက်လုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုပွဲကို ယနေ့ မတ်လ ၃၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

“ပြည်သူလူထုရဲ့ နေ့စဉ် အသုံးဝင်မှု၊ မြို့ပြအဆင့်မြှင့်တင်ရေးအတွက် အဓိကထား ဆောင်ရွက်တာ ဖြစ်ပါတယ်။ တောင်ကြီးမြို့မှာ ယာဉ်ကြောပိတ်ဆို့နေတဲ့ ပြဿနာ၊ စနစ်တကျ ပါကင်မရှိခြင်းတွေကို လက်တွေ့ ဖြေရှင်းပေးမယ့် အခြေခံအဆောက်အအုံ စီမံကိန်း ဖြစ်ပါတယ်” ဟု သီဟဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးဇော်လင်းအောင် ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ အဆောက်အဦတွင် ကားစီးရေ ၄၂၁ စီး ရပ်နားနိုင်သော အဆင့်မြင့်ကားပါကင် ၅ ထပ်၊ ခေတ်မီဈေး ၂ ထပ်နှင့် မြေအောက်ထပ် အဆင့်မြင့် စားသောက်ခန်းတို့ ပါဝင်မည်ဖြစ်ပြီး City Square ဈေးဝယ်စင်တာ သို့ ဆက်သွယ်သည့် လူကူးခုံးကျော်တံတား ၂ စင်းနှင့် မြေအောက် ဥမင်ကားလမ်းတို့ ပါဝင်မည်ဖြစ်ကာ ရင်းနှီး မြှုပ်နှံငွေ ကျပ်သန်းပေါင်း ၃၇၃၁၉ ဖြင့် သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

.

“လုပ်ငန်းစတင်ဖို့ကို မိုးမကျခင် အချိန်လေးမှာ အကြိုအင်ဂျင်နီယာလုပ်ငန်းတွေဖြစ်တဲ့ ဆိုက်နေရာ သတ်မှတ်တာ၊ မြေစမ်းသပ်တိုင်းတာတာတွေ၊ မြေကြီးလုပ်ငန်းတွေ၊ စက်ကိရိယာ တင်သွင်းတာတွေကို အမြန်ဆုံး စတင်မှာဖြစ်ပါတယ်။ ဒီနေရာမှာရှိတဲ့ မနက်ဈေး၊ ညဈေး ဈေးသည်တွေကို ရွှေ့ပြောင်းဖို့ ဈေးသူ/ ဈေးသားတွေနဲ့ ညှိနှိုင်းပြီးဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ပြောသည်။

.

အကျိုးအမြတ် ခွဲဝေမှု အနေဖြင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ရပ်နားခ ကောက်ခံရငွေမှ ၉၀ ရာခိုင်နှုန်းကို သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကလည်းကောင်း၊ ၁၀ ရာခိုင်နှုန်းကို စည်ပင်သာယာရေးဌာန က လည်းကောင်း ရရှိမည်ဖြစ်ပြီး စီမံကိန်းမြေဧရိယာ ၂၉၉၆၉ ဒသမ ၂၈ စတုရန်းပေအတွက် တစ်စတုရန်း ပေလျှင် ၆၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၁၇၉၈၁၅၆၈ ကျပ်ကို စည်ပင်သာယာရေးဌာနက နှစ်စဉ် ရရှိမည် ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် စီမံကိန်းဆောင်ရွက်ခွင့် ရရှိခြင်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စည်ပင် သာယာရေးဌာနက ငွေကျပ် သန်း ၁၀၀၀ ကို တစ်နှစ်လျှင် ကျပ်သန်း ၂၅၀ နှုန်းဖြင့် ၄ နှစ်ဆက်တိုက် ရရှိမည်ဖြစ်ကြောင်း သိရသည်။

.

တပင်ရွှေထီးလမ်းရှိ နေ့ဈေးနှင့် ညဈေး ဈေးသည်များကို မြို့မဈေးမြောက်ဘက် ကုန်သည်လမ်းတွင် ပြန်လည် နေရာချထားပေးမည်ဖြစ်ပြီး ဈေးသည်များအတွက် အမိုးကိုင်း၊ လျှပ်စစ်မီး၊ အမှိုက်သိမ်းစနစ် နှင့် အများသုံးအိမ်သာစနစ်တို့ကို သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက လုပ်ဆောင်ပေးသွားမည်ဖြစ်ကာ ဈေးသည်များ၏ လူမှုစီးပွား ဘဝ မပျက်စီးစေရေးအတွက် စည်ပင်သာယာ‌ရေးဌာနနှင့် ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးစိုင်းထွန်းထွန်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ယင်း နာရီစင်ညဈေးတန်းတွင် ဈေးဆိုင်ပေါင်း ၉၀ ကျော် ရှိနေပြီး ဈေးဆိုင်များကို မြို့မဈေး မြောက်ဘက်ရှိ ကုန်သည်လမ်းသို့ သင်္ကြန်ကာလအပြီးတွင် ပြောင်းရွှေ့ခိုင်းထားကာ ဈေးသည်အများစုမှာ ပြောင်းရွှေ့ရန် အဆင်မပြေသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်းလည်း သိရသည်။

.

ညဈေးနေရာ ပြောင်းရွှေ့ရပါက အခက်အခဲများစွာ ဖြစ်ပေါ်နိုင်ပြီး ညဈေးတန်း ဈေးသူဈေးသားများကို မှီခိုနေသည့် သက်ကြီးရွယ်အိုများ၊ ကျောင်းသားအရွယ် သားသမီးများ၊ စစ်ရှောင်များလည်း ရှိနေသည့် အတွက် အားလုံး ဒုက္ခရောက်နိုင်ကြောင်းနှင့် နေရာအသစ် ပြောင်းရွှေ့ဖွင့်လှစ်ရပါက ဖောက်သည်များ ပြန်လည်ရရှိရန် လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ဈေးသည်များက ပြောဆိုကြသည်။

.

“အရင်တုန်းက ဒါကို သွပ်မိုးပေးပါ၊ အိမ်သာတွေ ဆောက်ပေးပါ ဆိုတော့ လမ်းမပေါ်ဖြစ်လို့ ဆောက်လို့ မရဘူးတဲ့။ အခုကျတော့ ၇ ထပ် ဆောက်လို့ရတယ်ပေါ့။ ကျွန်မတို့လည်း ဒါတွေကို မေးချင်တာပေါ့။ ဒါပေမဲ့ မေးခွင့်လည်းမရှိဘူး” ဟု ညဈေးတန်း ဈေးသည်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လက်ရှိ နာရီစင်ညဈေးတန်းတွင် ဆိုင်ခန်း ၃ တန်း ရှိသော်လည်း ကုန်သည်လမ်းတွင် ပြန်လည်နေရာ ချထား ပေးပါက ဆိုင်ခန်း ၂ တန်းသာ ပြန်လည်ရရှိမည်ဖြစ်ပြီး လှည်းထားခွင့်မရှိသလို အမှိုက်သိမ်းဆည်းရေး နှင့် ရေသွန်ရန်ကိစ္စမှ အစ အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ဈေးသည်များက ပြောဆိုကြသည်။

.

အဆိုပါ နာရီစင်ညဈေးကို ၁၉၉၄ ခုနှစ်၊ မြို့မဈေး ဆောက်လုပ်ပြီးစီးချိန်ကတည်းက စတင်တည်ထောင် ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် နှစ်ပေါင်း ၃၀ ကျော်လာပြီဖြစ်ကာ တောင်ကြီးမြို့၏ အထင်ကရ နေရာတစ်ခု အဖြစ် တည်ရှိနေခြင်းဖြစ်သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages