.
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်
.
အင်းလေးကန်အတွင်း နုန်းမြေဆယ်ယူရေးလုပ်ငန်းအတွက်
အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးမှသာ အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်ဟု
ရှမ်းပြည်နယ်လွှတ်တော် အင်းတိုင်းရင်းသားလူမျိုး ရေးရာကိုယ်စားလှယ် ဒေါ်တင်တင်ရီက
ပြောဆိုခဲ့သည်။
.
.“ကျွန်မတို့ အဓိကလုပ်ချင်တာကတော့ အင်းလေးကန်ထဲ
ကျနေတဲ့ နုန်းမြေတွေကို ဆယ်ချင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး Back Hole နဲ့ပဲ ဆယ်တင်နေမယ်ဆိုရင် မိုးရွာ၊ ရေကြီးတဲ့အခါမှာ အဲဒီရွှံ့နွံတွေက
ကန်ထဲကို ပြန်ကျတော့ ဘာမှသိပ်ပြီး မထူးခြားဘူး။ ဒါကြောင့် နုန်းဆယ်နိုင်အောင်
ကျွန်မကြိုးစားချင်တယ်။ အဲဒါ ကျတော့ ကျွန်မတို့ချည်းပဲလည်း မနိုင်တော့ဘူး။
နိုင်ငံတော်အပိုင်းကကော အားလုံးက ဝိုင်းဝန်းပေးမှသာ အင်းလေးကန်ကြီး
ရေရှည်တည်တံ့ခိုင်မြဲမှာပါ” ဟု ဒေါ်တင်တင်ရီက ပြောသည်။
.
အင်းလေးကန်ဒေသအတွင်း နွေရာသီကာလ
မိုးနည်းချိန်တွင် ကန်ရေခန်းခြောက်ပြီး မိုးရာသီကာလ ရေကြီး ချိန်တွင်
နုန်းမြေများမှာ ကန်အတွင်းသို့ ပြန်လည်ကျရောက်သည့်အတွက် နှစ်စဉ် ရေကြီးရေလျှံမှု
ပြဿနာ ကို ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။
.
“ကျွန်မတို့က လွှတ်တော်မှာ အင်အားနည်းတယ်
ဆိုပေမဲ့ ကျွန်မတို့လူမျိုးအတွက်တော့ အင်အားနည်းတယ် လို့ မယူဆပါဘူး။ အတတ်နိုင်ဆုံး
ကြိုးစားနေမှာပါ။ ကျွန်မတို့လူမျိုး၊ ကျွန်မတို့ဒေသ၊ အင်းလေးကန်ကြီး အတွက်
ကျွန်မတို့ ကြိုးစားပြီး ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
၎င်းအနေဖြင့် အင်းလေးကန်
ရွှံ့နွံဆယ်ရေးကိစ္စတွင် ကိုယ်ပိုင် Back Hole ယာဉ်ဖြင့်
ကူညီဆောင်ရွက် ပေးနေပြီး လတ်တလောတွင် လောင်စာဆီ အကြပ်အတည်း ပြဿနာကြောင့်
ကူညီနိုင်ခြင်း မရှိသေး ကြောင်း၊ လောင်စာဆီပြဿနာ ပြေလည်ချိန်တွင်
အင်းလေးကန်ဒေသနှင့် အင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။
.
ဒေါ်တင်တင်ရီသည် ရှမ်းပြည်နယ်လွှတ်တော်
အင်းတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ် နေရာအတွက်
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်
အနိုင်ရခဲ့သူဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရ အဖွဲတွင် အင်းတိုင်းရင်းသား
လူမျိုးရေးရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရမည့်သူလည်း ဖြစ်သည်။
.
ရှမ်းပြည်နယ်လွှတ်တော်တွင် ဒေါ်တင်တင်ရီ အပါအဝင်
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ နေရာ ရရှိထားပြီး
ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၁ နေရာ ရရှိထားသည်။
.



No comments:
Post a Comment