ကလော၌ လွှတ်တော်ကိုယ်စားလှယ်လောင်းကို နယ်မြေမှူးနှင့် အဖွဲ့က ဝိုင်းထိုးသည်ဟုဆိုကာ အမှု ဖွင့်ထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, April 21, 2026

ကလော၌ လွှတ်တော်ကိုယ်စားလှယ်လောင်းကို နယ်မြေမှူးနှင့် အဖွဲ့က ဝိုင်းထိုးသည်ဟုဆိုကာ အမှု ဖွင့်ထား

 


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၌ ပြီးခဲ့သည့် ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့)တွင် ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သူကို ရပ်ကွက် နယ်မြေမှူးနှင့် အဖွဲ့က ဝိုင်းဝန်းထိုးကြိတ်သည်ဟု ဆိုကာ တရားရုံး၌ ဦးတိုက်လျှောက်၍ အမှုဖွင့်ထားကြောင်း သိရသည်။

.

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော် ကလောမြို့နယ် မဲဆန္ဒနယ် (FPTP)တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ အထက်တန်းရှေ့နေ ဦးကျော်ဇင်ဆိုင် ဖြစ်ကာ ဝိုင်းဝန်းထိုးကြိတ်သူများမှာ ရပ်ကွက်(၃)မှ နယ်မြေမှူး ဦးခင်မောင်ငွေ နှင့် အဖွဲ့ ဖြစ်သည်ဟု သိရသည်။

.

ဦးကျော်ဇင်ဆိုင် သည် သင်္ကြန်အကြတ်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် ဇနီးဖြစ်သူအား ကလော ဗဟိုမဏ္ဍပ်သို့ မော်တော်ယာဉ်ဖြင့် သွားရောက် ပို့ဆောင်ပြီး အပြန် ရပ်ကွက် (၄) ဘူတာလမ်းသို့ အရောက်အနောက်မှ ဆိုင်ကယ်ဖြင့် လင်မယား ယောက် လိုက်လာပြီး ကားကို ရပ်ခိုင်းကားဖြင့် ဆိုင်ကယ်ကို တိုက်သွားသည်ဟု ပြောဆိုကြောင်း၊ ၎င်းမှ ကားဖြင့် မတိုက်မိခဲ့ကြောင်းနှင့် ကားတွင်ည်း တိုက်မိရာ မရှိကြောင်း ရှင်းပြရာ မရရှိ၍ ငွေကျပ် တစ်သိန်းခွဲ ပေးလျော်မည်ဟု ဆက်လက် ပြောဆို​ရာတွင်လည်း မရရှိဘဲ ၎င်းတို့၏ ဖခင် ဦးခင်မောင်ငွေအား ခေါ်ယူခဲ့ကြောင်း သိရသည်။

.

ထို့နောက် ဦးခင်မောင်ငွေတို့ ထပ်ရောက်လာပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးပဲကိုး ဒီ ကားလားဟု ပြောဆိုပြီး နီးရာခဲများ ကိုင်ကာ ထုခွဲမည် ပြုလုပ်နေသဖြင့် ရဲခေါ်ပြီး ရှင်းပေးမည် ပြောဆိုရာ ဦးခင်မောင်ငွေ ဆိုသူက ငါက ရပ်ကွက်(၃) ရာအိမ်မှူးပဲ လွှတ်တော် ကိုယ်စားလှယ်ကြီးကို ဝိုင်း ထိုးကြကွာဟု အော်ပြောသဖြင့် ဦးခင်မောင်ငွေ (ရာအိမ်မှုုး) အပါအဝင် လူ ၅ ဦးက ဝိုင်းဝန်း ထိုးကြိတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးကျော်ဇင်ဆိုင် ထံမှ သိရသည်။

.

ယင်းကဲ့သို့ ဝိုင်းဝန်း ထိုးကြိတ်ခဲ့မှုကြောင့် ဦးကျော်ဇင်ဆိုင် ညာဘက် မျက်စိပါးတို့တွင် ဖူးယောင်ဒဏ်ရာ၊ နှုတ်ခမ်းပေါက်ကွဲကာ ခန္ဓာကိုယ် နာကျဉ် ဒဏ်ရာများ ရရှိခဲ့ပြီး ရဲဆေးစာများဖြင့် ရဲစခန်းသို့ တိုင်ကြားပြီးနောက် ရဲရေး မပိုင်သဖြင့် ဧပြီလ ၂၀ ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်၍ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

.

ဖြစ်စဉ်နှင့် ပတ်သက်၍ ကလောမြို့၊ ရပ်ကွက်(၃) နယ်မြေမှူး ဦးခင်မောင်ငွေ အား တွေ့ဆုံ မေးမြန်းရာတွင်မူ ထိုးကြိတ်ခဲ့သည်မှာ ၎င်း တစ်ဦးတည်းကသာ တစ်ချက်တည်း ထိုးကြိတ်ခြင်း ဖြစ်ပြီး ကျန် မည်သူမျှ မပါကြောင်း၊ ဖြစ်စဉ် ဖြစ်ပွားချိန်တွင်လည်း ရာအိမ်မှူးဟု ပြောဆိုခြင်း မရှိဘဲ ရဲစခန်း ရောက်ရှိမှသာ ရာအိမ်မှူးဟု ပြောဆိုခဲ့ကြောင်း၊ ၎င်း၏ သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့ ဝက်သားတုတ်ထိုး ဆိုင်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်ကို ဦးကျော်ဇင်ဆိုင်က ကားဖြင့် တိုက်၍ ပြေးသွားသောကြောင့် နောက်မှလိုက်ပြီး ရှင်းပေးရန် ပြောဆိုရာ ကလေးများနှင့် မပြောလိုဘဲ လူကြီးခေါ်ရန် ပြောဆို၍ လိုက်သွားပြီး ဘယ်လိုလျော်ပေးမှာလဲဟု မေးရာ နောက်ပိုင်းတွင် မလျော်ပေးနိုင်ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။

.

ဆက်လက်၍ နှစ်ဘက် အခြေအတင် စကားပြောပြီးနောက် ဦးခင်မောင်ငွေက ဦးကျော်ဇင်ဆိုင်ကို တစ်ချက် ပတ်ထိုးလိုက်ရာ နှုတ်ခမ်းကို ထိသွားခဲ့ကြောင်း၊ ဦးကျော်ဇင်ဆိုင်မှာ မူးနေသဖြင့် အခြားသူမှ ကားကို မောင်းနှင်ပေးသဖြင့် ရဲစခန်းသို့ ရောက်ရှိမှသာ ကျန်ဒဏ်ရာများအား တွေ့ခြင်း ဖြစ်ကြောင်း၊ ၅ ယောက် ထိုးကြိတ်ခြင်း မဟုတ်ဘဲ၊ တစ်ဦးတည်းသာ ထိုးခြင်း ဖြစ်ကြောင်း၊ ဆိုင်ကယ်မှာလည်း ကားဖြင့် တိုက်ခံရ၍ ပျက်စီးသွားကြောင်း၊ အစပိုင်းက ငွေတစ်သိန်းခွဲ လျော်ပေးမည်ဟု ပြောဆိုသော်လည်း နောက်ပိုင်းတွင် ဆဲသံ ကြားမိလိုက်သဖြင့် ထိုးကြိတ်မိခြင်း ဖြစ်သည်ဟု ဦးခင်မောင်ငွေက ပြောသည်။

.

#KBZTai #Shan #Kalaw

No comments:

Post a Comment

Pages