.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်း အခြေချလုပ်ကိုင်နေသည့် ဖုန်းအဟောင်း၊ ဖုန်းအပျက် လိုက်လံ ဝယ်ယူသူများအနေဖြင့် စက်သုံးဆီအခက်အခဲကြောင့် လုပ်ငန်းများ ရပ်နားထားရသည်ဟု သိရသည်။
.
.
ဖုန်းအဟောင်းအပျက်နှင့် ငွေစက္ကူအစုတ်အပြဲ လဲလှယ်သူများအနေဖြင့် လိုင်စင်ရှိဆိုင်ကယ်များ အသုံးပြုကြသော်လည်း ရရှိသည့် စက်သုံးဆီလုံ လောက်မှုမရှိခြင်းကြောင့် ယခင်လို နေ့စဉ်သွားလာနိုင်ခြင်း မရှိတော့ဘဲ အနီးပတ်၀န်းကျင် နေရာများသို့သာ ရက်ခြားသွားလာနိုင်တော့ကြောင်း သိရသည်။
.
“ကျွန်တော်တို့က အဝေးတွေ ပတ်သွားနိုင်မှ ပစ္စည်းက ရတတ်တာပေါ့။ အခုဓာတ်ဆီက ခွဲတမ်းနဲ့ဆို တော့မြို့ထဲတောင် နေ့တိုင်းထွက်နိုင်ဖို့ မလွယ်တော့ဘူး။ နယ်ဝေးဆို သွားကိုမသွားနိုင်တော့တာပါ” ဟု ဖုန်းအဟောင်း၊ ဖုန်းအပျက် လိုက်လံဝယ်ယူသူ ကိုမောင်ထိုက် က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ဖုန်းအဟောင်း၊ အပျက်ဝယ်ယူသူများသည် တောင်ကြီးမြို့ပေါ်အပြင် ရွှေညောင်၊ အောင်ပန်း၊ ကလော၊ ပင်လောင်း နှင့် ပင်လုံ၊ နမ့်စန်၊ မိုင်းရှူး၊ ကျိုင်းတုံ၊ တာချီလိတ် အစရှိသည့် မြို့များအထိ လှည့်လည် သွားလာ ဝယ်ယူနေကြခြင်းဖြစ်ကြောင်း သိရသည်။
.
စက်သုံးဆီခွဲတမ်းအနေဖြင့် ဆိုင်ကယ်တစ်စီးလျှင် တစ်ပတ် ၂ ကြိမ် ၈ လီတာသာ ရရှိသဖြင့် ယခင်လို နယ်ဝေးဒေသများသို့ သွားရောက်၍ လှည့်လည် ဝယ်ယူနိုင်ခြင်းမရှိတော့ဘဲ တောင်ကြီးမြို့ပေါ် အနီးဝန်းကျင် သွားလာရန်ပင် မလွယ်ကူတော့ကြောင်း သိရသည်။
.
“ဦးလေးတို့က အရင်ဆိုရင် ကျိုင်းတုံ၊ တာချီလိတ်အထိ ရောက်တာပေါ့။ အခုကျတော့ ဓာတ်ဆီဝယ်မရတာနဲ့ အဝေးတွေကို မသွားနိုင်တော့ဘူး။ ရတဲ့ဆီက နီးနီးနားနားပတ်ဖို့တောင် မလွယ်တော့ဘူး။ အခုဆီ ဈေးတွေပါ တက်လာတော့ ပိုဆိုးတာပေါ့” ဟု ရွှေညောင်မြို့နေ ဖုန်းအဟောင်း ဝယ်ယူသူ ဦးသောင်း ကလည်း ပြောဆိုခဲ့သည်။
.
စက်သုံးဆီအကြပ်အတည်း ကြာလာသည်နှင့်အမျှ စက်သုံးဆီဖြင့် လည်ပတ်နေရသည့် လုပ်ငန်းများဖြစ်သော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အခြားသော ကဏ္ဍစုံလုပ်ငန်းများအားလုံး ဆက်လက် လည်ပတ်နိုင်ရန် ခက်ခဲလာနေရကြောင်း သိရသည်။
.

No comments:
Post a Comment