.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့
ဧပြီလ ၂၇ ရက်၊ ညပိုင်းက မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်၍ သစ်ပင်ကိုင်းအများအပြား
ကျိုးကျကာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
.
.ယမန်နေ့ ဧပြီလ ၂၇ ရက်၊ ည ၇ နာရီခွဲအချိန်ခန့်က တိုက်ခတ်သွားသော
လေပြင်းနှင့် မိုးရွာသွန်းမှုကြောင့် တာချီလိတ်မြို့၊ ဆွတ်ဆိုင်ကျေးရွာ၊ ပါလျှံ
(၂)၊ ဝေဠုဝန်ကျောင်းလမ်း၊ ချစ်ကြည်ရေးလမ်းမပေါ်ရှိ ရှမ်းရိုးမ ကွင်းရှေ့၊ ဆန်ဆိုင်း
(က)၊ အမှတ် (၁) ချစ်ကြည်ရေးတံတား စသည့်နေရာများတွင် သစ်ပင်ကြီးများ ကျိုးကျ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် ပုန်းထွန်ရပ်ကွက်၊
နမ္မလင်းရွာ၊ မယ်ဆိုင်ချောင်းအတွင်း သုံးဘီး ဆိုင်ကယ်တစ်စီး ပြုတ်ကျခဲ့ပြီး မီးသတ်တပ်ဖွဲ့မှ
ဆယ်ယူပေးခဲ့ရကြောင်း သိရသည်။
.
တာချီလိတ်မြို့တွင် ဧပြီလ ၁၈ ရက်၊ ညပိုင်းကလည်း လေပြင်းတိုက်ခတ်မှု
တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး ယမန်နေ့ ဧပြီလ ၂၇ ရက်၊ ညပိုင်းတွင် ဒုတိယအကြိမ်အဖြစ် ထပ်မံတိုက်ခတ်ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယင်းကဲ့သို့ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်အချို့
ကျိုးကျပြီး ကြော်ငြာဆိုင်းဘုတ်အချို့ ပြိုလဲခြင်း၊ ဓါတ်တိုင်မီးလောင်ခြင်းများ ဖြစ်ပွားခဲ့ကာ
တာချီလိတ်တစ်မြို့လုံး လျှပ်စစ်မီး ခေတ္တပြတ်တောက်ခဲ့ရသည် ဟု သိရသည်။
.
လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီးများကို
ညတွင်းချင်း ဖယ်ရှားရှင်းလင်းနေပြီး ယနေ့ ဧပြီလ ၂၈ ရက်၊ နံနက်ပိုင်းတွင်လည်း ဆက်လက်ဖယ်ရှားရှင်းလင်းလက်ရှိကြောင်း
သိရသည်။
.
ထို့အတူ မိုင်းဆတ်မြို့နယ်တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့်
မယ်နင်ကျေးရွာအုပ်စု၊ ကာနကျေးရွာ၊ မိုင်းဆတ်-မိုင်းတုံကားလမ်းပေါ်တွင် သစ်ပင်လဲကျ၍
လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.


No comments:
Post a Comment