.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ကုန်စည်ဒိုင်တွင်
ကြက်သွန်ဖြူ ဝင်ရောက်မှု များပြားလာပြီး ဝယ်လက် နည်းနေသည့်အတွက် ဈေးအနည်းငယ် ကျဆင်းသွားကြောင်း
သိရသည်။
.
.ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကြက်သွန်ဖြူ ထူးလွန်
တစ်ပိဿာ ၇၅၀၀ ကျပ်၊ ထူး ၅ တစ်ပိဿာ ၆၅၀၀ ကျပ်၊ ထူး ၄ တစ်ပိဿာ ၅၀၀၀ ကျပ်နှင့် ထူး ၃ တစ်ပိဿာ
၄၀၀၀ ကျပ်အထိ ရရှိခဲ့ရာမှ ယနေ့တွင် ထူးလွန် တစ်ပိဿာ ၇၀၀၀ ကျပ်၊ ထူး ၅ တစ်ပိဿာ ၆၀၀၀
ကျပ်၊ ထူး ၄ တစ်ပိဿာ ၄၅၀၀ ကျပ်၊ ထူး ၃ တစ်ပိဿာ ၃၅၀၀ ကျပ်သာ ရရှိတော့ကြောင်း သိရသည်။
.
“အခုလောလောဆယ် ၂ ရက်မှာ ဝယ်လက်နည်းပြီးတော့ ကြက်သွန်ဖြူက
ထွက်ပြီးဈေးကွက်ထဲကို လာပို့ ကြတော့ ဒီနေ့ပေါက်ဈေး အနည်းငယ်ကျပါတယ်။ အခုချိန်က ရွာကနေလာဖို့
ဆီအခက်အခဲကြောင့်ရော ဒီမှာ ပစ္စည်းလှိုင်လှိုင်ပေါနေတာကြောင့်ရော တောင်သူအတွက်ကတော့
ရင်တမမနဲ့ လာနေကြရ တာပေါ့။ ၈၀၀-၁၀၀၀ ဝန်းကျင်အထိ ပြုတ်ကျနိုင်တာပေါ့” ဟု အောင်ပန်းမြို့
ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကြက်သွန်ဖြူသည် မီးဖိုချောင်သုံး မရှိမဖြစ် သီးနှံဖြစ်ပြီး
ယမန်နှစ်က ဈေးကွက်ဆိုးဆိုးရွားရွား ထိခိုက်ခဲ့မှု ကြောင့် ယခုနှစ်တွင် ရှမ်းတောင်ဒေသ၌
ကြက်သွန်ဖြူ စိုက်ပျိုးမှု လျော့ကျခဲ့ပြီး ဈေးပြန်လည်ရရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
.
သို့သော် ရှမ်းတောင်ဒေသထွက် ကြက်သွန်ဖြူကို တိုင်းဒေသကြီးနှင့်
ပြည်နယ်အားလုံးသို့ ဖြန့်ချိနိုင်မှု မရှိ သေးသည့်အပြင် ပြည်မဘက်မှလည်း ကြက်သွန်ဖြူ
စိုက်ပျိုးမှု ရှိသည့်အတွက် ဈေးကျနိုင်ဖွယ်ရှိနေကြောင်း အောင်ပန်းကုန်စည်ဒိုင် ထံက
သိရသည်။
.


No comments:
Post a Comment