.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မူးယစ်ဆေးစွဲသူ
များပြားနေပြီး ၎င်းတို့ကြောင့် ခိုးမှုအပါအဝင် ဒုစရိုက်မှုများ မကြာခဏဖြစ်ပွားနေသည်ဟု
သိရသည်။
.
.လားရှိုးမြို့ပေါ်တွင် မူးယစ်ဆေး သုံးစွဲသူများက
လျှပ်စစ်မီးကြိုး ဖြတ်တောက်ခိုးယူခြင်း၊ ဖုန်းနှင့် အိမ်တွင်း ပစ္စည်းခိုးယူခြင်း၊
ဆိုင်ကယ်ခိုးယူခြင်းများအပြင် လုယက်မှု၊ ဓါးခုတ်မှုများကို မကြာခဏ ကျူးလွန်နေကြ သည်ဟု
ဒေသခံများက ဆိုသည်။
.
“ကျွန်တော်တို့အိမ် လမ်းကြားထဲမှာလည်း ဆေးသမားတွေ
နေ့ရော၊ ညရော ဖြတ်သန်းသွားလာနေကြ ပါတယ်။ ခိုးစရာတွေ့ရင် ရသမျှအကုန်ယူသွားကြတယ်။ ရပ်ကွက်ထဲမှာလည်း
အဲဒီဆေးသမားတွေကြောင့် တော်တော် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်” ဟု လားရှိုးမြို့နေ အမျိုးသားတစ်ဦးက
ပြောသည်။
.
မူးယစ်ဆေး သုံးစွဲသူများက လားရှိုးမြို့၊ ရပ်ကွက်
(၄)၊ မဂ္ဂင်လမ်း၊ ကင်းတဲအနီးရှိ ယခင် သင်္ချိုင်းဟောင်း နေရာ၊ နေကြာရိုင်းတော နေရာကို
အောက်ကွင်းဟူ၍လည်းကောင်း၊ ရေကန်တောင်ကို အပေါ်ကွင်း ဟူ၍ လည်းကောင်း အမည်ပေးထားပြီး
ယင်းနေရာများတွင် မူးယစ်ဆေး ရောင်းဝယ်မှုများ၊ သုံးစွဲမှုများကို အများဆုံး လာရောက်လုပ်ကိုင်
ကြကြောင်း သိရသည်။
.
“မီးကြိုးခိုးခံရလို့ ပြန်တပ်လိုက်တယ်။ ၄ ရက်ပဲကြာတယ်။
နောက်တစ်ခါ ထပ်အခိုးခံရပြန်တယ်ဗျ။ မူးယစ် ဆေးသမားကတော့ ခိုးလို့ရသမျှ အကုန်ခိုးနေတာပဲ။
အဲဒီ ခိုးလို့ရသမျှ ပစ္စည်းကို အပေါင်ခံနေတဲ့ သူတွေ လည်း ရှိတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့
ဒါတွေကို ဖမ်းဆီးအရေးယူဖို့ လိုပါတယ်” ဟု အခြား မြို့ခံတစ်ဦးကလည်း ပြောသည်။
.
လားရှိုးမြို့ပေါ် ရပ်ကွက်အများစုတွင် လျှပ်စစ်မီး
ပြန်လည်ရရှိပြီဖြစ်သော်လည်း မီးမရသေးသည့် နေရာများ ကျန်ရှိနေသေးကာ မီးကြိုးခိုးယူမှုများလည်း
ဆက်ရှိနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။
.
လားရှိုးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်၊ ညနေပိုင်းကလည်း
ကားအရောင်းအဝယ်ပြုလုပ်သူ ပွဲစား တစ်ဦးကို အမည်မသိ သေနတ်သမား ၂ ဦးက သေနတ်ဖြင့် ပစ်သတ်၍ ကားလုယက်မှု ဖြစ်ပွားခဲ့သေးပြီး
ကျူးလွန်သူကို ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
.


No comments:
Post a Comment