တောင်ကြီးမြို့မဈေးတွင် ဆိုင်ကယ်ရပ်နားခ တိုးကောက်သော်လည်း တာဝန်ယူမှုမရှိ ဟုဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Sunday, April 12, 2026

တောင်ကြီးမြို့မဈေးတွင် ဆိုင်ကယ်ရပ်နားခ တိုးကောက်သော်လည်း တာဝန်ယူမှုမရှိ ဟုဆို

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၏ အဓိက စီးပွားရေးဗဟိုချက် နေရာဖြစ်သည့် မြို့မဈေး ပတ်လည်တွင် ဆိုင်ကယ်ရပ်နားခများကို တိုးမြှင့်ကောက်ခံနေသော်လည်း တာဝန်ယူမှု တာဝန်ခံမှု မရှိကြောင်း ဒေသခံ များက ပြောဆိုကြသည်။

.

.

မြို့မဈေးပတ်လည်ရှိ ဆိုင်ကယ်အပ်သည့် နေရာများတွင် ယခင်က ရပ်နားခအဖြစ် ဆိုင်ကယ်တစ်စီးလျှင် ၅၀၀ ကျပ် ကောက်ခံခဲ့သော်လည်း ယခုအခါ တစ်စီး ၁၀၀၀ ကျပ် ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။

.

“ဆိုင်ကယ်အပ်ခက ၁၀၀ဝ ဖြစ်သွားပြီ။ ပိုက်ဆံက ဈေးတက်တာကရတယ်။ အဓိက လုံခြုံမှုလိုချင်တာလေ။ ပိုက်ဆံကျတော့ ပိုတောင်းတယ်။ ပစ္စည်းပျောက်၊ ဆိုင်ကယ်ပျောက်တာတွေကို တာဝန်မယူဘူး။ အဲလိုမှ တော့ အပြင်မှာပဲ ရပ်ချင်တဲ့နေရာ ရပ်မှာပေါ့” ဟု တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယာဉ်ရပ်နားခ ငွေကြေးကိုသာ ကောက်ခံပြီး မည်သည့်တာ၀န်ယူမှုမှ မရှိသည့်အတွက်‌ မော်တော်ဆိုင်ကယ် အပ်နှံသူများအနေဖြင့် မိမိတို့၏ မော်တော်ဆိုင်ကယ် လုံခြုံရေးအတွက် ဇက်သော့အပြင် လုံခြုံစိတ်ချရသည့် ကြိုးသော့ပါ တွဲခတ်ရန်လိုအပ်နေကြောင်း သိရသည်။

.

တောင်ကြီးမြို့ပေါ်တွင် မော်တော်ဆိုင်ကယ်ခိုးယူခံရမှုများ နေ့စဉ်ဖြစ်ပွားနေပြီး ခိုးယူခံရပါကလည်း ပြန်ရနိုင်ခြေ မရှိသလောက်ဖြစ်နေသည့်အတွက် ဈေးဝယ်စင်တာများ၊ ဈေးကြီးများနှင့် လူစည်ကားရာ နေရာများတွင် ဆိုင်ကယ်ရပ်နားရာ၌ သတိပြုရန်လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

No comments:

Post a Comment

Pages