ဒီဇယ်ဆီ ဝယ်မရသဖြင့် အင်းလေးကန်ဒေသ မိုးစပါးစိုက် တောင်သူများ အခက်ကြုံနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, April 1, 2026

ဒီဇယ်ဆီ ဝယ်မရသဖြင့် အင်းလေးကန်ဒေသ မိုးစပါးစိုက် တောင်သူများ အခက်ကြုံနေ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်

.

ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားနေသော စက်သုံးဆီ အကြပ်အတည်းကြောင့် အင်းလေးကန်ဒေသအတွင်းရှိ မိုးစပါးစိုက် တောင်သူများအနေဖြင့် ထွန်ယက်စိုက်ပျိုးရန် ဒီဇယ်ဆီ ဝယ်မရဘဲ အခက်အခဲများ ဖြစ်ပေါ် နေရကြောင်း သိရသည်။

.

.

အင်းလေးကန်ဒေသအတွင်း ဒီဇယ်ဆီ တစ်ဂါလံလျှင် ပြင်ပပေါက်ဈေး ၅၂၀၀၀ ကျပ်ဖြင့် ဝယ်ယူရန်ပင် မရရှိနိုင်ဘဲ ဖြစ်နေရကြောင်း သိရသည်။

.

သို့ဖြစ်၍ လောင်စာဆီတင်သွင်းရောင်းချနေသော ကုမ္ပဏီ၊ လုပ်ငန်းရှင်များအနေဖြင့် အင်းလေးကန်ဒေသ အတွင်းရှိ လယ်ဧက ၅၀၀၀ စာအတွက် တစ်ဧကလျှင် ဒီဇယ်ဆီ ၂ ဂါလံနှုန်းဖြင့် ဒီဇယ်ဂါလံ ၁၀၀၀ ကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးစေလိုကြောင်း Save The Inle Lake အဖွဲ့ အထွေထွေ အတွင်းရေးမှူး ကိုခင်မောင်လတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

“ဒီအချိန်မှာက မိုးစပါး ထွန်ယက်စိုက်ပျိုးရတဲ့အချိန်မှာ ဒီဇယ်က တစ်ဂါလံကို ၅၂၀၀၀ ကနေ ၅၄၀၀၀ ဈေး ပေးပြီး ဝယ်တာတောင်မှ ဝယ်မရဘူး။ တစ်နိုင်တစ်ပိုင် လက်တွန်းထွန်စက်လေးတွေနဲ့ ထွန်ယက် ဖို့တောင် တော်တော်လေး အခက်အခဲရှိပါတယ်။ အဲဒါကို လုပ်ငန်းရှင်တွေဘက်ကနေ သက်သာတဲ့ ဈေးနှုန်းလေးနဲ့ ဂါလံတစ်သောင်းဝန်းကျင်လောက် ပို့ဆောင်ရောင်းချပေးရင် အဆင်ပြေသွားမှာပါ။ ဒီဇယ်က ပိုက်ဆံရှိတာ တောင် ဝယ်ဖို့အခက်အခဲရှိတယ်” ဟု ကိုခင်မောင်လတ်က ပြောသည်။

.

အင်းလေးကန်ဒေသတွင် ၂၀၂၄ က ရေကြီးရေလျှံမှုဘေး ကြုံတွေ့ခဲ့ရပြီး ၂၀၂၅ ခုနှစ်တွင်လည်း ငလျင်ဘေး ထပ်မံခံစားခဲ့ရကာ ၂၀၂၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်လ စပါးရိတ်သိမ်းရမည့်အချိန်တွင် ရေ ထပ်မံကြီးခဲ့သည့်အတွက် လယ်ဧက ၁ သောင်းခန့် နှစ်မြုပ်ခဲ့ကာ ၈၅ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရကြောင်း သိရသည်။

.

အင်းလေးကန်ဒေသအတွင်းရှိ လယ်များသည် မိုးစပါး တစ်သီးသာ စိုက်ပျိုးရပြီး လယ်သမားအားလုံးမှာ စီးပွားဖြစ်စိုက်ပျိုးသူမရှိဘဲ မိသားစု တစ်နှစ်စာ ဝမ်းစာစပါးသာ စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages