.
၂၀၂၆
ခုနှစ်၊ ဧပြီလ ၅ ရက်
.
ရှမ်းပြည်နယ်မြို့တော်
တောင်ကြီးမြို့ပေါ်တွင် စည်းကမ်းမဲ့ သွယ်တန်းထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများ၏
ဖိုင်ဘာအင်တာနက် ဝိုင်ဖိုင်ကြိုးများကြောင့် မြို့ပေါ်နေပြည်သူများ
စိတ်အနှောင့်အယှက် ဖြစ်ပေါ်နေရသည်ဟု သိရသည်။
.
.ဖိုင်ဘာအင်တာနက်
ဝိုင်ဖိုင်တပ်ဆင်သည့် ကုမ္ပဏီအများစုသည် ကြိုးများ တပ်ဆင်သွယ်တန်းရာတွင်
လမ်းသွားလမ်းလာ နယ်နိမိတ်အတွင်း ကျရောက်နေခြင်းနှင့် ပြတ်ကျနေသော ကြိုးများကို
ပြန်လည် ရှင်းလင်းမှု မရှိခြင်းကြောင့် လမ်းအသုံးပြုသူ ပြည်သူများအတွက် အန္တရာယ်
ဖြစ်ပေါ်စေနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
“တချို့နေရာတွေမှာ
ကြိုးတွေက လမ်းနှစ်ဖက်ကိုခွပြီး ပင့်ကူမျှင်တွေလို ဖြစ်နေတာပေါ့။ ပြတ်ကျနေတဲ့
ကြိုးတွေကိုလည်း သေချာပြန်မသိမ်းတော့ ညဖက်ဆိုရင် ထိခိုက်မိမှာ စိုးရိမ်ရတယ်။ သက်ဆိုင်ရာ
အနေနဲ့ စိစစ်သင့်ပါတယ်” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင်
ဖိုင်ဘာအင်တာနက် အသုံးပြုသူ များပြားလာသည့်အတွက် ကုမ္ပဏီများအနေဖြင့်
ဈေးကွက်ရရှိစေရန် နည်းမျိုးစုံဖြင့် ဆွဲဆောင်နေကြသော်လည်း ပြတ်ကျနေသည့်
ကြိုးများကိုမူ စနစ်တကျ ပြန်လည်ရှင်းလင်းခြင်းများ မရှိကြောင်း သိရသည်။
.
“ကြိုးတွေ
ပြတ်ကျနေရင် သက်ဆိုင်ရာကုမ္ပဏီက အမြန်ဆုံးလာရောက်ပြီး ရှင်းပေးဖို့လိုပါတယ်။
ကျွန်တော်တို့ရပ်ကွက်ထဲမှာ ပြတ်ကျနေတဲ့ ဝိုင်ဖိုင်ကြိုးကို မမြင်ဘဲ
ဆိုင်ကယ်စီးရင်း ဝင်တိုက်မိလို့ ဒဏ်ရာ ရတာမျိုးတွေ ရှိပါတယ်” ဟု တောင်ကြီးမြို့၊
ကျောင်းကြီးစုရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါ
လမ်းနယ်နမိတ်အတွင်းကျရောက်နေသည့် ဝိုင်ဖိုင်ကြိုးများသည် ကုန်တင်ယာဉ်များဖြင့်
တိုက်မိကာ ပြတ်ကျမှုများ မကြာခဏ ဖြစ်ပွားတတ်သည့်အတွက် သတိပြုသွားလာရန်
လိုအပ်နေကြောင်း ဒေသခံများက သတိပေး ပြောဆိုနေကြသည်။
.


No comments:
Post a Comment