.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ရှိ အမှိုက်များဖြင့်
ပိတ်ဆို့နေသည့် ရေငုတ်ဂူများကို သန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့မိမြို့ဖဖြစ်သူ
တောင်တန်းလူငယ် ပရဟိတအသင်း ဥက္ကဋ္ဌ ဒေါက်တာ ကောင်းမြတ်သူ ထံက သိရသည်။
.
.အဆိုပါ ရေငုတ်ဂူများ သန့်ရှင်းရေး ပြုလုပ်ခြင်းကို
ဧပြီလ ၂၅ ရက်က စတင်၍ တောင်တန်းလူငယ် ပရဟိတသင်း၊ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များနှင့်
ပြည်သူလူထု စုစုပေါင်း အင်အား ၂၀၀ ခန့်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဂူ အတွင်းရှိ
အမှိုက်များ၊ သစ်လုံးများ၊ တုံးများနှင့် ရေစီးဖြင့် မျောပါလာသော အမှိုက်သရိုက်များကို
ဆယ်ယူ သန့်ရှင်းရေး ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
နမ့်စန်မြို့တွင် မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်စေရန်အတွက်
ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ယင်းကဲ့သို့ ရေငုတ်ဂူများကို သန့်ရှင်းရေး ပြုလုပ်ခြင်းဖြစ်ကြောင်း
သိရသည်။
.
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က သန့်ရှင်းရေး ပြုလုပ်စဉ်
ဂူ ၂ ခုသာ ဆောင်ရွက်ပြီးစီးခဲ့ပြီး မိုးရွာသွန်းမှုကြောင့် ဂူအမှတ် (၃) ကို ကောင်းမွန်စွာ
မလုပ်ခဲ့ရ သဖြင့် ယခု ၂၀၂၆ ခုနှစ်တွင် ထိုဂူကို သေချာစွာ သန့်ရှင်းရေး ပြုလုပ်နေပြီး
အမှိုက်နှင့် ပိတ်ဆို့မှုများ ကျန်ရှိ နေသေးသည့်အတွက် ယခု ဧပြီလကုန်ပိုင်းအထိ ပြုလုပ်ရန်
ရှိနေကြောင်း ၎င်းထံက သိရသည်။
.
“နှစ်ရှည်လများ ပိတ်ဆို့နေတဲ့ တတိယဂူကို အဓိကထား
သန့်ရှင်းရေးလုပ်နေပေမဲ့ ပိတ်ဆို့မှုက များတဲ့ အတွက် လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့
ကျန်နေသေးပါတယ်” ဟု ဒေါက်တာ ကောင်းမြတ်သူ က ပြောသည်။
.
ယမန်နှစ် ၂၀၂၅ ခုနှစ်တွင် ဂူသန့်ရှင်းရေး လုပ်ဆောင်နိုင်ခဲ့သဖြင့်
ရေကြီးရေလျှံမှု မရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်နှင့် ယင်းမတိုင်မီ ကာလများက နှစ်စဉ် ထိုဂူများတွင်
ပိတ်ဆို့မှုကြောင့် နမ့်စန်မြို့၌ ရေကြီးရေလျှံမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့ရဖူးပြီး
ပြည်သူများအနေဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် အားကစားရုံ တို့၌ ခိုလုံခဲ့ရဖူးသည်။
.
“ရေကြီးတဲ့အချိန်တုန်းက ပျက်စီးမှု သိန်းပေါင်း သောင်းနဲ့ချီ
ရှိပါတယ်။ အိမ်တွင်းပရိဘောဂတွေ၊ ဈေးဆိုင်ခန်းတွေ ပျက်စီးတယ်။ ဝမ်းပျက်၊ ဝမ်းလျှောစတဲ့
ကျန်းမာရေးပြဿနာတွေ ဖြစ်လာတယ်။ အိမ်တွေ ထဲကို ရွှံ့နွံတွေ ၂ ပေလောက်အထိ တက်ခဲ့ရဖူးပါတယ်”
ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ ရေငုတ်ဂူများသည် နမ့်စန်မြို့၊ အမှတ် (၁)
ရပ်ကွက်အတွင်း အပေါက် ၃ ပေါက်အဖြစ် တည်ရှိပြီး နမ့်လတ်ချောင်းသည် ယင်းဂူများအတွင်းသို့
ငုတ်လျှိုးဝင်ရောက်သွားကာ အမှတ် (၂) ရပ်ကွက်အနီးရှိ နမ့်တိန်းချောင်းအတွင်းသို့ ပြန်လည်
ထွက်ပေါ်စီးဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့ကြောင့် နမ့်စန်မြို့ ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ရန်အတွက်
နောင်တွင် ဂူကို ရှောင်ကွင်း၍ နမ့်တိန်း ချောင်းဘက်သို့ တိုက်ရိုက်စီးဆင်းနိုင်မည့်
တူးမြောင်းတစ်ခု တူးဖော်နိုင်ရန် တာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များ တိုင်ပင်ဆွေးနွေးလျက်ရှိပြီး
လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း နမ့်စန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဌေးဝင်း ထံက သိရသည်။
.
ထို့အပြင် ပိတ်ဆို့မှု ထပ်မံမဖြစ်ပွားစေရန်အတွက်
လတ်တလောတွင် ဂူပေါက်များသို့ မရောက်မီ အမှိုက်တား သံဇကာတပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး
စည်းကမ်းမဲ့ အမှိုက်မပစ်ရန်အတွက်ကိုလည်း ပြည်သူများအား အသိပညာပေးလျက်ရှိကြောင်း နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးနေမျိုးထွန်းထံက သိရသည်။
.
၂၀၂၀ ပြည့်နှစ် COVID-19 ကပ်ရောဂါ
ကူးစက်ဖြစ်ပွားစဉ်က စတင်၍ ရေငုတ်ဂူ သန့်ရှင်းရေး ပြုလုပ်ခြင်းကို ၃ နှစ်ကျော် ၄ နှစ်ခန့်
ရပ်နားခဲ့ရဖူးကြောင်း သိရသည်။
.


No comments:
Post a Comment