.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့အထွက်၊
ရေယားကျေးရွာတွင် ထင်းရှူးတောကို ခုတ်ထွင်ရှင်းလင်းပြီး ခြံယာလုပ်ကိုင်မှုများ
ရှိနေကာ သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်မှု မရှိကြောင်း သိရသည်။
.
.“သစ်တောကို အကြောင်းကြားပါတယ်။ သူတို့က
ကွင်းဆင်းသွားကြည့်ပေးမယ်ဆိုပြီးတော့ ဆက်ပြီး အလုပ် မလုပ်ဘူး။ အခုတော့
ထင်းရှူးပင်တွေက ပါးသထက် ပါးသွားပြီ။ ခြံတောင် ဖြစ်သွားပြီ။ မြေစာရင်းကတော့
ခွင့်မပြုဘူး။ သူတို့က သစ်တောကင်းလွတ်ခွင့်ရှိတယ် ပြောပါတယ်” ဟု အဆိုပါ ထင်းရှူးတောအနီး
နေထိုင်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထင်းရှူးတော ခုတ်ထွင်ကျူးကျော်သူများသည် ရေယားကျေးရွာအနီးဝန်းကျင်
ဒေသများမှ ဖြစ်ပြီး ရေယား ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းအရှေ့ဘက် တစ်မိုင်ခန့်အကွာတွင်
ကျူးကျော်လုပ်ကိုင်နေကြခြင်း ဖြစ်ကာ စုစုပေါင်း ဧက ၅၀ ကျော် ၆၀ နီးပါးခန့်ရှိကြောင်း
သိရသည်။
.
“ထင်းရှူးပင်ကို အရင်ခုတ်တယ်။ သစ်ဆွဲတယ်။ ထင်းရှူးပင်
မရှိတော့ သူတို့ခြံဖြစ်သွားပြီပေါ့။ ဒီလိုနည်းနဲ့ ကျူးကျော်နေတာပါ၊ ကိုယ်က သွားပြောရင်
တစ်ယောက်ထဲဆိုတော့ သူတို့က ရန်ပြန်လုပ်ချင်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အပြင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့
သွားရောက်တင်ပြခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက “ပိုင်ရှင်ရှိသည် မကျူးကျော်ရ” ဆိုင်းဘုတ်
ချိတ်ဆွဲထားရန်သာ ပြောကြားခဲ့ပြီး ထင်းရှူးပင် ခုတ်ယူသူများကို အသိပေးတားမြစ်မှု မရှိကြောင်း
သိရသည်။
.
ယင်းကဲ့သို့ ထင်းရှူးပင်များ ခုတ်ထွင်မှုကြောင့်
ရာသီဥတု ဖောက်ပြန်လာနေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက်
တားမြစ်အရေးယူစေလိုကြောင်း ကလောဒေသခံများထံက သိရသည်။
.
ထင်းရှူးတောများသည် ကလောမြို့၏ အထိမ်းအမှတ်
သင်္ကေတတစ်ခုဖြစ်ပြီး လူဦးရေ တိုးတက်များပြားလာ သည်နှင့်အမျှ နေအိမ်နှင့်
စိုက်ပျိုးမြေ ချဲ့ထွင်လာမှု၊ စီမံကိန်းလုပ်ငန်းများ တိုးချဲ့လာမှုကြောင့်
လက်ရှိတွင် ထင်းရှူးတောများ နှစ်စဉ် လျော့နည်းပျောက်ကွယ်နေရခြင်းဖြစ်ကြောင်း
သိရသည်။
.
၁၉၇၅-၂၀၂၅ ခုနှစ်၊ နှစ် ၅၀ အတွင်း
သစ်တောပြုန်းတီးမှု အခြေအနေ မှတ်တမ်းများအရ ရှမ်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင်
သစ်တောပြုန်းတီးမှုနှုန်း အမြင့်ဆုံးပြည်နယ်တစ်ခုဖြစ်ကြောင်း သိရသည်။
.


No comments:
Post a Comment