အင်းလေးကန် ရေခန်းခြောက်မှုကြောင့် ဒေသခံများ၏ လူမှုစီးပွားရေး အခက်အခဲများ ဖြစ်ပေါ်လာနေရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Sunday, April 26, 2026

အင်းလေးကန် ရေခန်းခြောက်မှုကြောင့် ဒေသခံများ၏ လူမှုစီးပွားရေး အခက်အခဲများ ဖြစ်ပေါ်လာနေရ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်း ရေခန်းခြောက်မှုမှာ ပိုမိုဆိုးရွားလာ သဖြင့် ဒေသခံများ၏ လူမှုစီးပွားရေး အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

.

လက်ရှိ အင်းလေးကန်အတွင်း သာလေးကျေးရွာအုပ်စု၊ ချောင်းဆုံလက်ဖက်ကုန်းကျေးရွာများနှင့် ရွာမ ၁၂ ရပ်ကွက်တို့တွင် ရေခန်းခြောက်မှု အဆိုးရွားဆုံးဖြစ်ပြီး ကျန်နေရာများလည်း ရေခန်းခြောက်လာနေကာ ဖောင်တော်ဦးဘုရား ပတ်လည်တွင်ပင် ရေခန်းခြောက်လာနေကြောင်း သိရသည်။

.

“ဖောင်တော်ဦး မျက်နှာစာဘက်တော့ စက်လှေမောင်းလို့ ရနေသေးတယ်။ သာလေးအထက်တန်းကျောင်း ဘက်ဆိုရင် မောင်းလို့မရတော့ဘူး။ ကုန်းလမ်း ဖြစ်နေပြီ။ အလိုတော်ပေါက် သွားချင်ရင် ရွှေဟင်္သာဘက် ကနေ ပတ်ပြီး သွားရတာပေါ့။ အဲဒီလို ပတ်ပြီးသွားရတော့ ဆီပိုကုန်တယ်။ အခု ဆီက ရှားတော့ ပိုပြီး အခက်အခဲ ဖြစ်ရပါတယ်” ဟု အင်းလေးကန်အတွင်း စက်လှေမောင်းနှင်သူတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

အင်းလေးကန် ဒေသအတွင်း ပြည်တွင်းခရီးသွား အနည်းငယ် ဝင်ရောက်မှု ရှိသော်လည်း ရေလမ်းကြောင်း အခက်အခဲနှင့် စက်သုံးဆီ ရှားပါးမှုတို့ကြောင့် စက်လှေများ သွားလာရန် အဆင်မပြေ‌ကြောင်း ၎င်းထံက သိရသည်။

.

ထို့အပြင် ယင်းကဲ့သို့ ရေခန်းခြောက်လာမှုကြောင့် မော်တော်များ သွားလာရန် ခက်ခဲမှုနှင့်အတူ ဒေသခံ များ၏ စားဝတ်နေရေး၊ သွားလာရေးမှအစ ခက်ခဲလာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“အင်းလေးကန်ထဲမှာ ရေမခန်းတဲ့နေရာ မရှိသလောက်ပါပဲ။ အကုန်လုံးခန်းတယ်။ ဒီတော့ ညောင်ရွှေကနေ ဆန်အိတ်ဝယ်လာမယ်ဆိုရင် ရွာမကို သယ်ဖို့က အခက်အခဲဖြစ်နေပြီ။ ဘက်ဟိုးနဲ့ တူးထားတဲ့ အလယ် လမ်းမကပဲ မောင်းလို့ရတယ်။ မော်တော်ဆရာတွေကလည်း ရေလမ်းအခက်အခဲကြောင့် ပစ္စည်းအများကြီး တင်ပြီး လာလို့မရတော့ဘူး။ မော်တော်ခတွေလည်း တက်ပါတယ်။ စီးပွားရေးတွေ အခက်အခဲ ဖြစ်လာ ပါတယ်” ဟု အင်းလေးကန် အတွင်း နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

.

ရေခန်းခြောက်မှု နောက်ဆက်တွဲအနေဖြင့် ဒေသတွင်း ၅ ရက် တစ်ဈေး ရောင်းချသည့် စက်လှေများနှင့် အလည် လာရောက်သူများမှာ ကုန်းလမ်းကိုသာ အသုံးပြုလာနေသည်ဟု သိရသည်။

.

ပြီးခဲ့သည့်နှစ် မိုးရာသီကာလက မိုးများပြီး အင်းလေးကန်အတွင်း ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့ရာ တောင်ပေါ်မှ ရေစီးနှင့်အတူ နုန်းမြေများ စီးဝင်လာပြီး မြေသားထု တက်လာသည့်အတွက် ရေခန်းခြောက်မှု ပိုဆိုးလာခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

.

ထို့အတူ အင်းတိန်ကျေးရွာ ဒေသခံတစ်ဦးကလည်း “အဓိက ကတော့ နုန်းဝင်တဲ့နေရာတွေအကုန်လုံးက ကန် တိမ်သွားတယ်။ လယ်တွေ တော်တော်များများက အဲဒီနုန်းမြေတွေကို ပြန်ဆည်ပြီးမှ စိုက်ရတာပါ။ အင်းတိန် ဘုရားပတ်လမ်းလည်း ဆိုင်ကယ်တောင် စီးနေရပြီ။ အားလုံး ခက်ခဲကုန်တာပေါ့” ဟု ပြောဆိုခဲ့သည်။

.

အင်းလေးကန်ရှိ ကျေးရွာပေါင်း ၄၀၀ ကျော်တွင် ကုန်းရွာ၊ ရေတပိုင်း ကုန်းတပိုင်းရွာများနှင့် ရေလယ်ရွာများ ပါဝင်ပြီး အသက်မွေးဝမ်းကျောင်းမှု အနေဖြင့် စိုက်ပျိုးရေး၊ လက်မှုလုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်းနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြကြောင်း သိရသည်။

.

No comments:

Post a Comment

Pages