တောင်ကြီးမြို့၊ စူဠာမုနိစေတီတော်ဗိမာန်ရှေ့ရှိ မြေအောက်ရေစုကန်ကို ပြန်လည်ပြင်ဆင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Sunday, April 26, 2026

တောင်ကြီးမြို့၊ စူဠာမုနိစေတီတော်ဗိမာန်ရှေ့ရှိ မြေအောက်ရေစုကန်ကို ပြန်လည်ပြင်ဆင်

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်

.

တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော် ဗိမာန်ရှေ့ရှိ မြေအောက်ရေစုကန်ကို ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

.

.

တောင်ကြီးမြို့ မြေအောက်ရေ ရရှိရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ စုပေါင်း၍ အဆိုပါ ရေစုကန်ကို ယခင်နှစ်ကတည်းက စတင်တူးဖော်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ယင်း ရေစုကန်မှာ သဲများ ပိတ်ဆို့ကြပ်တည်းနေမှုကြောင့် ရေမဝင်နိုင်သည့်အတွက် တစ်ဆင့်ချင်း ပြန်လည်တူးဖော် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ကန်ကို စတူးတဲ့အချိန်မှာ မိုးကလည်း အရမ်းများတယ်။ အဲဒီထဲက ရေတွေကို တော်တော်လေး စုပ်ထုတ် လိုက်ရတယ်။ အဲဒီအချိန် ဓါတ်ဆီအခက်အခဲတွေလည်းဖြစ်တော့ စရိတ်စကတွေလည်း တက်တာပေါ့။ ကျောက်တွေလည်းများတော့ တော်တော်ခက်ခက်ခဲခဲ ဖောက်ပြီး တူးခဲ့ရတယ်။ ပြီးသွားတဲ့အခါ ကန်ထဲကို ရေကျတဲ့နှုန်းကလည်း များတော့ သဲတွေက ပိတ်နေတယ်။ ကန်က ရေမစုဘူး။ ပြင်ဖို့ ဆိုတာကလည်း အချိန် အခါစောင့်ပြီး အခု မိုးမကျခင် ကျွန်မတို့ တာဝန်ယူပြီး ပြင်ဆင်ခဲ့တာပါ” ဟု ရှင်သန်ကမ္ဘာမြေ အစိမ်းရောင် ကွန်ရက်မှ ဒေါ်ချယ်ရီကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထိုသို့ ပြင်ဆင်ရာတွင် ကန်အတွင်း ထည့်သွင်းထားသည့် ပစ္စည်းများကို တစ်ဆင့်ခြင်း ပြန်လည်ထုတ်ယူပြီး ကန်ဘေး အပေါက်များ ဖာထေးခြင်းအပြင် ထပ်မံပိတ်ဆို့မှု မဖြစ်စေရန် ကျောက်ကြီးများဖြည့်ကာ အောက်ခံကို မီးသွေးနှင့် ငါးမူးကျောက်ခင်းကာ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး လေချူပိုက် ၃ လုံး တပ်ဆင်ကာ အမှိုက်များ စစ်ထုတ်နိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.

အဆိုပါ ရေစုကန်မှာ အလျား ၁၁ ပေ၊ အနံ ၅ ပေ၊ အနက် ၅ ပေ ရှိပြီး တောင်ကြီးမြို့၊ စူဠာမုနိ လောကချမ်းသာ စေတီတော် ဗိမာန်မျက်နှာစာအနီးတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့များ ပူးပေါင်းကာ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

.

မြေအောက် ရေစုကန်များ တူးဖော်ခြင်း၏ အကျိုးကျေးဇူး အနေဖြင့် ချက်ချင်းလက်ငင်း မသိသာနိုင် သော်လည်း မြေအောက်ရေ လျော့နည်းပြီး ဂလိုင်ပေါက်များ ဖြစ်ပေါ်နေသည့် နေရာများတွင် မြေအောက်ရေ များ ပြန်လည်ဝင်ရောက်လာသည့်အတွက် မြေကျွံမှု၊ မြေပြိုမှု စသည်တို့ကို ကာကွယ်နိုင်ပြီး မြေအောက်ရေ အတွက်လည်း ရေရှည်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။

.

“မြေအောက်ရေရဲ့ လုပ်ဆောင်ချက်နဲ့ အကျိုးကျေးဇူးကို လူတော်တော်များများလည်း သိလာကြပါပြီ။ ဒါက မိုးရေတွေကို အလဟဿမဖြစ်အောင် နည်းပညာနဲ့ မြေကြီးထဲ ပြန်ထည့်ပြီး တစ်သက်လုံး ရေကုသိုလ်လုပ် နေတာ ဖြစ်တယ်။ ဒါကြောင့် အရမ်းအကျိုးရှိပါတယ်။ လုပ်ချင်တဲ့သူရှိရင်လည်း ကျွန်မတို့ကို ဆက်သွယ်လို့ ရပါတယ်” ဟု ဒေါ်ချယ်ရီကျော်က ဆက်လက်ပြောဆိုခဲ့သည်။

.

လက်ရှိ တောင်ကြီးမြို့ပေါ်တွင် မြေအောက်ရေစုကန် အနေဖြင့် အများပြည်သူဆိုင်ရာနေရာတွင် ယင်းကန် တစ်ကန်သာ ရှိသေးသော်လည်း ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ ပုဂ္ဂလိကအဆောက်အဦ၊ လူနေအိမ် များတွင် တူးဖော်ဆောင်ရွက်မှုများ ရှိလာနေပြီဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages