အဝေးပြေး ယာဉ်စီးခဈေးနှုန်းများ ဆက်လက် မြင့်တက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, April 19, 2026

အဝေးပြေး ယာဉ်စီးခဈေးနှုန်းများ ဆက်လက် မြင့်တက်



ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ ရန်ကုန်နှင့် မန္တလေးမြို့များ ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းစီးနင်းခ ဈေးနှုန်းများ ဆက်လက် မြင့်တက်နေလျက် ရှိသည်ဟု သိရသည်။

.

တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော ယာဉ်လိုင်းများအလိုက် ယာဉ်စီးနင်းခများမှာ ယာဉ်လိုင်းနှင့် ယာဉ်အမျိုးအစားအပေါ် မူတည်၍ အနိမ့်ဆုံး ၇၅၀၀၀ ကျပ်မှ ၂၈၀၀၀၀ ကျပ်ထိ ရှိနေပြီး ယခင်လ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ၁၀၀၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

.

ထို့အတူ တောင်ကြီးမြို့မှ မန္တလေးမြို့သို့ ပြေးဆွဲနေသော ယာဉ်စီးနင်းခများမှာ ၆၅၀၀၀ ကျပ် ဝန်းကျင်ထိ ဖြစ်ကာ ယခင်လထက် ၁၀၀၀၀ ကျပ်ကျော် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

.

“ ကားခတွေက ကားလိုင်းနဲ့ ရိုးရိုး၊ VIP ၊ VVIP ဆိုပြီး ကားအမျိုးအစားအလိုက် ဈေးကွာကြတယ်။ တချို့လိုင်းတွေကြတော့လည်း ဈေး သိပ်မတက်ဘူး၊ တချို့ကြတော့ တက်တယ်။ ဒါတောင် ဈေးက ငြိမ်မနေတော့ ပြောရခက်နေတာ။ ဈေးက အတက်ဘက်ကိုပဲ ဦးတည်နေဦးမယ့် အခြေအနေပါ။” ဟု ကားလက်မှတ် အရောင်းဝန်ထမ်း တစ်ဦးက ပြောသည်။

.

လက်ရှိတွင် တောင်ကြီးမြို့မှ ရန်ကုန်နှင့် မန္တလေးမြို့များသို့ ထွက်ခွာမည့် ယာဉ်လိုင်းအလိုက် လက်မှတ်များမှာ ဧပြီလ ၂၁ ရက်အထိ ရောင်း၍ ကုန်သွားပြီ ဖြစ်ကြောင်းနှင့် စက်သုံးဆီဈေး အခြေအနေပေါ် မူတည်၍ ယာဉ်စီးနင်းခ ဈေးနှုန်းမှာလည်း အတက်/အကျ ရှိလာနိုင်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

.

တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် ပတ်သက်၍ “ တချို့ဆိုင်တွေမှာ ဆီပြတ်တာတွေ ရှိနေတယ်။ မေးလိုက်ရင် ဆီပြတ်နေတယ်လို့ ပြောကြတယ်။ တချို့ဆိုင်ကြတော့ ဓါတ်ဆီ မရှိဘူး၊ ဒီဇယ်ပဲ ရှိတယ်လို့လည်း ပြောကြတယ်။ တချို့ဆိုင်လေးတွေမှာတော့ သတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်တာတွေကို မြင်တွေ့ရပေမဲ့လည်း ပြောပလောက်အောင်လည်း ဟုတ် မနေပါဘူး။” ဟု မြို့ခံ တစ်ဦးက ပြောသည်။

.

ယနေ့ ဧပြီလ ၁၉ ရက်နေ့အတွက် တောင်ကြီးမြို့၏ စက်သုံးဆီ          ရည်ညွှန်းလက်လီ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ၆၆၅၅ ကျပ်၊ ပရီမီယံ ၇၉၃၀ ကျပ်၊ ဓါတ်ဆီ(92) ၄၉၁၀ ကျပ်၊ ဓါတ်ဆီ(95) ၅၁၂၅ ကျပ် ရှိပြီး အရောင်းဆိုင်အလိုက် ဈေးနှုန်း ကွာဟမှု ရှိကာ နယ်မြို့များတွင်မူ တစ်လီတာလျှင် နှစ်သောင်းကျပ် ကျော်သည်ထိ ဈေး ရှိနေကြောင်းလည်း သိရသည်။

No comments:

Post a Comment

Pages