ရှေးတောင်ကြီးက ညောင်ရေသွန်းပွဲ (ဆောင်းပါး) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, April 21, 2026

ရှေးတောင်ကြီးက ညောင်ရေသွန်းပွဲ (ဆောင်းပါး)

 


“ဖွား၊ ပွင့်နှင့် စံ၊ ဗျာဒိတ်ခံ၊ ဆုံပြန်လပြည့်၊ ဗုဒ္ဓနေ့၊ ပူစွေ့စွေ့ခုန်၊ လကဆုန်၊ မှတ်ပါထူးနေ့ကြုံ” ဟူ၍ လင်္ကာကို မိမိ စီကုံးထားပါ၏။ ဗုဒ္ဓသာသနာနှင့် စပ်၍ တပေါင်း၊ ကဆုန်၊ ဝါဆိုနှင့် တန်ဆောင်မုန်း စသည်အားဖြင့် အနည်းဆုံး ၄ လတို့အား လထူးလမြတ်ဟု အကြမ်းဖျင်း သတ်မှတ်ထားကြ၏။ သင်္ကြန်နှစ်ကူးနှင့် ဝါလကင်းလွတ် သီတင်းကျွတ်တို့ ဘာကြောင့် ကျန်ရစ်သနည်း။ အထင်ကရပွဲကြီးတွေ ကျင်းပမြဲ ဖြစ်ရာ လူသိများတာ တစ်ကြောင်း၊ ပျော်ပွဲရွှင်ပွဲ ဖြစ်နေတာ တစ်ကြောင်းမို့ မီးမောင်းထိုးပြစရာ မလိုအပ်၍ ဖြစ်ပါလိမ့်မည်ဟု မိမိ ယူဆထားမိ၏။ မိမိ၏ အတ္တနော မတိ ဖြစ်ပါ၏။

.

ကဆုန်လကို ထူးမြတ်သည်ဟု ဖော်ညွှန်းရခြင်းမှာ ဘုရားငါးဆူ ပွင့်မည့် မိမိတို့ ဘဒ္ဒကမ္ဘာ၌ ၄ ဆူမြောက် ဗုဒ္ဓဂေါတမ၏ ဗုဒ္ဓဝင်ကို လေ့လာကြည့်မည်ဆိုပါက -

၁။ သမ္မာသမ္ဗောဓိဉာဏ်ရှင်၊ ဘုရားစင်စစ် ဧကန် ဖြစ်မည်ဟု ဗျာဒိတ်တော် ခံယူရသောနေ့၊

၂။ အမိမယ်တော် မာယာဒေဝီသည်၊ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို အနာမရှိ ဖွားမြင်သောနေ့၊

၃။ တောထွက်၍ ၆ နှစ် ဒုက္ကရစရိယကျင့်ပြီး၊ ဗောဓိညောင်ပင်ကြီးအောက်၊ ဘုန်းတောက် ပွင့်တော်မူသောနေ့ နှင့်

၄။ ဝါ ၄၅ ၊ သက်ကား ၈၀၊ မလ္လမင်းတို့ ဥယျဉ် ကုဿိနာရုံ အင်ကြင်းစုံ၌ ပရိနိဗ္ဗာန် စံဝင်သောနေ့ တို့ တိုက်ဆိုင်နေပါသည်။

.

‘ဗျာဒိတ်ခံ’။ ၄ အသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၊ သုမေဓါရှင်ရသေ့ဘဝ၊ ဒီပင်္ကရာမြတ်စွာဘုရားက၊ ဘဒ္ဒကမ္ဘာ၌ ၄ ဆူမြောက်၊ ဂေါတမဗုဒ္ဓအဖြစ် ပွင့်ထွန်းမည်ဖြစ်ကြောင်း ဗျာဒိတ်တော် မိန့်ခြွေခဲ့သည်မှာ ကဆုန်လပြည့်နေ့ဟု ဖတ်မှတ်ဖူးပါ၏။

‘ဖွားမြင်’။ မဟာသက္ကရာဇ် ၆၈ ၊ ကဆုန်လပြည့် သောကြာနေ့ဝယ်၊ လုမ္ဗနီအင်ကြင်းတော၌၊ အမိမယ်တော် မာယာသည်၊ ပွင့်ဖူးမြိုင်ဆိုင်၊ အင်ကြင်းခိုင် ကိုင်းလှမ်းကိုင်ချိတ်၊ ကမ္မဇလေလှုပ်ကာ အလောင်းတော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့၏။

‘ပွင့်ထွန်း’။ အလောင်းတော်သည်၊ သက်တော် ၂၉ ၌ တောထွက်ခါ၊ ဒုက္ကရစရိယ ၆ နှစ်ကျင့်ကြံ အားထုတ်ပြီး၊ မဟာသက္ကရာဇ် ၁၀၃၊  ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ဝယ်၊ ဗောဓိညောင်ပင်အောက် ဘုန်းတောက်၊ သဗ္ဗညုဉာဏ် အလင်းပေါက် ဗုဒ္ဓ ပွင့်ထွန်းတော်မူခဲ့၏။

‘စံဝင်’။ ဝါ ၄၅ သက်ကား ၈၀၊ မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့် အင်္ဂါနေ့၌၊ မလ္လတိုင်း ကုဿိနာရုံ အင်ကြင်းရဂုံဝယ်၊ ပွင့်ရွှေဝါမြိုင်မြိုင်၊ အင်ကြင်းပင်ပျို ၂ ပင်ကြားရှိ သလွန်ညောင်စောင်းထက်၊ မြောက်ဘက် ဦးခေါင်းတော်လှည့်၊ လက်ယာနံတောင်းဖြင့် လဲလျောင်းတော်မူကာ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့၏။

.

တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန် ၄ လသည် နွေကာလ ဖြစ်၏။ ကဆုန်လ၌ ရေခန်းခြောက်ပြီး သစ်ပင်များ ရေငတ်ကြကုန်၏။ စွေ့စွေ့ခုန်မျှ ပူလောင်၍ နေပူလေပူတို့ ကြီးစိုးချိန်မို့ ရွက်ခြောက်ကြွေရုံမက၊ ကိုင်းသေးကိုင်းဖျားတို့လည်း ခြောက်သေကြတော့၏။ ရေဓါတ်မှ မရလျှင်၊ နောက်ထပ် နယုန်တစ်လကို တောင့်ခံနိုင်ဖွယ် မရှိပြီ။ ဖွားဖက်တော် ၇ ပါးအနက် ဗောဓိညောင် ပါဝင်ရာ၊ ညှိုးရော် မသေစေလိုပါ။ အသက် ဆက်ပေးရန် ညောင်ရေသွန်းပွဲကို ပြုလုပ်ဆင်နွှဲခဲ့ကြသည်မှာ ရှေးအစဉ်အလာတစ်ရပ် ဖြစ်ပေသည်။ ကုသိုလ် ကြီးစွာ ရရှိသော ကောင်းမှုအလုပ် ဖြစ်၏။

.

တောင်ကြီးမြို့၌လည်း ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော် ရှိခဲ့ဖူး၏။ ဘယ်အချိန်က စတင်ခဲ့သည်ကို မိမိ မသိရိုးအမှန်ပါ။ မှတ်မိသရွေ့၊ ၁၉၅၀ ပြည့်နှစ် ဝန်းကျင်တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်နေပြီကို မှတ်မိ၏။ မိမိ အသက် ၅ နှစ်ပတ်လည်မို့ မြင်ကွင်းကို ပုံရိပ်ထင်ရှားဆဲ ရှိနေ၏။ စုရပ်မှာ မြို့မဈေးကြီး ရှေ့ပါ။ ယခု စီးတီးစကွဲစင်တာ နေရာသည် ထိုစဉ်တုန်းက မြေလွတ်ကွက်လပ်ကြီး ဖြစ်၏။ ဈေးနေ့တိုင်း ဈေးရောင်း၊ ဈေးဝယ် လာကြသော ဈေးသည်တို့၏ နွားလှည်းများ စတည်းချရာနေရာပါ။ နောင်မှ၊ တောင်ကြီးမြို့၏ မူလလွတ်လပ်ရေး ကျောက်တိုင်ရှိသော ပန်းခြံ ဖြစ်လာ၏။ ကျောက်တိုင်ကို မူလဘောလုံးကွင်း၏ အရှေ့တောင်အရပ်သို့ ရွှေ့ပြောင်း ပြီးသောအခါ၊ ညဈေး ဖြစ်လာ၏။ နောင်သောအခါ ကျောက်တိုင်ဝန်းကျင်တွင် တင်းနစ်ကွင်းများ၊ အထပ်မြင့် လူနေတိုက်အိမ်ကြီးတွေ ဆောက်သဖြင့် ကျောက်တိုင်ခမျာ အိမ်ကြိုအိမ်ကြား နစ်မြုပ်နေသည်မှာ မြို့ကျက်သရေ ယုတ်လျော့သွားရ၏။

.

ဘယ်ကိုသွားပြီး ညောင်ရေ သွန်းလောင်းကြမည်နည်း။ မင်္ဂလာရာမရွှေကျင် ကျောင်းတိုက်၏ မြောက်ဘက်ခြမ်း ကွင်းကျယ်ကြီးသို့ တန်းစီချီတက်ကြ၏။ ဗောဓိညောင်ပင် ၃ ပင်တို့ ကွင်းလယ်မှာ၊ ရှေ့နောက်တန်းစီ ရှိကြ၏။ အရှေ့ဆုံးအပင်သည် အတော့်ကို ကြီးမားလှပြီး ရွက်အုပ်ဆိုင်းဆိုင်းနှင့် အရိပ်ကောင်း ပေး၏။ မြို့တည်စကပင် ရှေးဦးစိုက်ခဲ့ကြောင်း သိရ၏။ ၁၈၉၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်၊ စနေနေ့ မြို့တည်ရက်ဟု အပ်ပါးဘားမား ဂဇက်တီးရားနှင့် ရှမ်းဂဇက်တီးယားတို့၌ မှတ်တမ်းတင်ထားသဖြင့် ထိုစဉ်က ညောင်ပင်သက် နှစ် ၆၀ ကျော်နေပေပြီ။ ယခုဆိုလျှင် မြို့သက်နှင့်အမျှ နှစ် ၁၃၀ ပြည့်လွန်ပြီးလောက်ပြီ။ အလယ်နှင့် အနောက်ဘက် အပင်တို့မှာ ဝန်ကြီးချုပ် ဦးနု သီဟိုဠ်မှ ပင့်လာသော ဗောဓိညောင်ပင်ပွားများ ဖြစ်ရာ အပင်နိမ့် နုငယ်ရွယ်သေး၍ သစ်သားကိုင်းများနှင့် လေးထောင့်ခြံဝင်း ခတ်ထားကြ၏။ နောင်မှ အုတ်တံတိုင်း အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်၏။

.

သဒ္ဒါတရား ထက်သန်သော ဗုဒ္ဓဘာသာဝင် ရပ်ကွက်သူ၊ ရပ်ကွက်သားများ အားတက်ပျော်ရွှင်စွာ ညောင်ရေသွန်းပွဲ ဆင်နွှဲကြရာ၌ အမျိုးသမီး အရွယ်သုံးပါးတို့ ညောင်ရေအိုး ကိုယ်စီရွက်၍ လည်းကောင်း၊ အမျိုးသားများ ရေပုံးကို ရှေ့နောက် တံပိုးလျှို၍ ထမ်းပိုးပို့ကြ၏။ ဆိုင်းကြိုးကို၊ ကြိုးပန်းနွယ်၊ သပြေ၊ မြေစာ၊ မာလကာ၊ ဂန္ဓမာပန်းတို့ဖြင့် အလှဆင်ကြ၏။ အိုးကြီးပေါ် အိုးငယ်စင့်ပြီး တစ်ပြိုင်တည်း အိုး ၄ အိုး ထမ်းပို့ကြသဖြင့် လေးသော်လည်း ဝန် ပိုပါ၏။ ပွဲဆိုသည့်အတိုင်း အတီး၊ အမှုတ်၊ အကအခုန်တို့ ပါရစမြဲပါ။ ရှမ်းအိုးစည်၊ ဓနုအိုးစည်ဝိုင်းတို့အပြင် ဒိုးပတ်ဝိုင်းက သံချပ်တွေမြိုင်မြိုင်နှင့် လူကြိုက်များလှ၏။ ရွှေရိုး၊ မမိုးတို့ စုံတွဲအကကိုလည်း အထူးအားပေးကြ၏။ အနီ၊ အနက် အကွက်ကျဲကြီးနှင့် ပုဆိုင်းထင်းနေသလို နှုတ်ခမ်း ကားကားကြီး လှုပ်ပြ၊ ပုသိမ်ထီး ပိတ်ချည်ဖွင့်ချည် ခုန်ဆွကပြသည်နှင့် အလိုက်၊ ဒေါ်မိုး ဘီးဆပတ်ကြီး ဟီးအက်၊ တီးချက်နှင့်အညီ တင်ကောက်၊ ရင်မောက် ပေါက်ဆတ်ဆတ် အသုံးတော်ခံသည်မှာ ဟာသမြောက်ပြီး ရယ်မောပျော်ရွှင်ကြရပါသည်။ ရွှဲရွှဲစို နစ်နေအောင် သွန်းလောင်းကြသည့် ရေစင်ရေအေးတို့ကြောင့် ဗောဓိညောင်ပင်များ အအေးမိပြီး တုန်ဖျားကုန်မည်ကိုပင် စိုးရိမ်ရပါသတည်း။ ။

.

ရေအိုးကိုယ်စီ ရွက်လာသည်

ညောင်ရေသွန်းပွဲ သွားကြမည်။

စီစီရီရီ တန်းစီထား

ငယ်စီကြီးလိုက် ရှေ့နောက်ဗျား။

ကာလသားတွေ ဝိုင်းဖွဲ့ညီ

အိုးစည်ဗုံမောင်း တီးကြသည်။

ရွှေရိုးမမိုး တွဲညီသား

စည်းချက်ဝါးချက် ကလို့သွား။

သားသားမီးမီး စွဲကိုင်ပြီ

ညောင်အိုကြက်လျှာ ပန်းနီနီ။

တံခွန်ကုက္ကား ခုလေးပွား

ဘိုးဘိုးဘွားဘွား နောက်လိုက်ထား။

ဟေ့လာမောင်တို့ ဝါး။ ။

.

ဒေါက်တာ အောင်ကျော် (သွား/ဆရာဝန်)

No comments:

Post a Comment

Pages