ရှမ်းတောင် အာလူးစိုက်တောင်သူများ အကြီးအကျယ်အရှုံးပေါ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Friday, April 24, 2026

ရှမ်းတောင် အာလူးစိုက်တောင်သူများ အကြီးအကျယ်အရှုံးပေါ်

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်

.

သင်္ကြန်အပြီး အာလူးတူးဖော်ချိန်တွင် အာလူးဈေး ပြုတ်ကျသွားပြီး တစ်ပိဿာလျှင် ကျပ်တစ်ထောင် ခန့်သာ ရရှိသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်းရှိ အာလူးစိုက်တောင်သူများ အကြီးအကျယ် အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

.

.

တောင်သူများအနေဖြင့် အာလူးမျိုးဝယ်ချိန်တွင် ဈေးကြီးပေးဝယ်ခဲ့ရသည့်အပြင် မြေဩဇာဈေး၊ စက်သုံးဆီဈေး စသည့် အထွေထွေကုန်ကျစရိတ် ကြီးမြင့်စွာ ကျခံခဲ့ရသော်လည်း ယခု အာလူး ထွက်ပေါ်ချိန်တွင် ဈေးပြုတ်ကျသွားသည့်အတွက် အရှုံးပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

.

“တောင်သူတွေရဲ့ အာလူးမျိုးစေ့ဟာ တစ်ပိဿာ ကျပ် ၇၀ဝ၀ ကျော် ပေးဝယ်စိုက်ခဲ့ရတော့ လက်ရှိ အာလူးဈေးတွေကို တစ်ပိဿာ ကျပ် ၄၀ဝ၀ အထိ ရဖို့ မျှော်လင့်ခဲ့ကြပေမဲ့ လက်ရှိမှာ တစ်ပိဿာ ကျပ်တစ်ထောင်အောက်သာ ရောက်နေကြပါတယ်” ဟု အာလူးစိုက် တောင်သူတစ်ဦးက ပြောသည်။

.

အောင်ပန်း Shan State Trade Center မှ စျေးကွက် သုံးသပ်သူ ဦးမောင်မောင်က “တရုတ်အာလူး L6 အမျိုးအစား စျေး တစ်ပိဿာ ၁၀၀၀ ကျပ်အထိ ထပ်မံထိုးကျသွားတယ်။ မျိုးဝယ်တုန်းက တစ်ပိဿာ ၆၂၀၀ နားမှာဆိုတော့ သွားပြီလို့ ပြောလို့ရတယ်” ဟု ယနေ့ ဧပြီလ ၂၄ ရက်တွင် သုံးသပ်ရေးသားထားသည်။

.

ထို့အပြင် ယခုနှစ်တွင် အာလူးအခြေအနေမကောင်းဘဲ ကြက်သွန်ဖြူမှာ အာလူးထက် အခြေအနေ ကောင်းနိုင်ပြီး ယမန်နှစ်က အခြေအနေနှင့် ပြောင်းပြန်ဖြစ်သွားကြောင်း ၎င်းက ဆက်လက်‌ရေးသား ထားသည်။

.

စားအုန်းဆီဈေး မြင့်တက်လာခြင်းကြောင့် အာလူးကြော်လုပ်ငန်းများ အခက်အခဲ ဖြစ်ပေါ်လာခြင်း၊ စက်သုံးဆီ အခက်အခဲကြောင့် တန်ဆာခ မြင့်တက်လာခြင်းနှင့် ယမန်နှစ်က ဈေးကောင်းရခဲ့သည့်အတွက် ယခုနှစ်တွင် အာလူးကို စုပြုံစိုက်ပျိုးခြင်းကြောင့် ဝယ်လိုအားထက် ရောင်းလိုအားက များပြီး အားလူးဈေး ကျဆင်းရခြင်းဖြစ်ကြောင်း ကုန်သည်များက သုံးသပ်သည်။

.

“မိုးတွင်း အာလူးက ပိုဆိုးစေမယ်။ တစ်ခုရှိတာက အာလူးစျေးကွက်က တက်လာရင်လည်း ကြာတတ်သလို ကျတဲ့ကာလလည်း ကြာရှည်တတ်တယ်ဆိုတာပါပဲ။ ဘယ်အချိန်ပြန်တက်မလဲဆိုရင်တော့ ၉ လပိုင်း နောက်ပိုင်းမှသာ ပြန်တက်လာလိမ့်မယ် ခန့်မှန်းမိတယ်” ဟု ဦးမောင်မောင်က သုံးသပ်ရေးသားထားသည်။

.

ယနေ့ဧပြီလ ၂၄ ရက်၊ ရှမ်းပြည်တောင်ပိုင်း၊အောင်ပန်းမြို့ ကုန်စည်ရောင်းဈေးကွက်ရှိ အာလူးဈေးနှုန်း များမှာ ရောင်းစျေးအနေဖြင့်၊ S-2 / S-3 ၃၀၀၀ ကျပ်၊ ပြန်ရွေးပြီး၊ S2-S1 ၂၈၀၀-၂၅၀၀ ကျပ်၊ ပြန်ရွေးပြီး၊ S-1-OK တစ်ပိဿာ ၂၀၀၀ ကျပ်၊ OK -၁၈၀၀ ကျပ်၊ A1- ၁၅၀၀ ကျပ်၊ A1-ဆွဲ ၁၃၀၀ ကျပ်၊ ဂေါ်လီ ဆိုဒ် ၁၀၀၀ ကျပ်၊ တရုတ် L6 အာလူး ၁၀၀၀ ကျပ် ပေါက်ဈေးရှိနေကြောင်း သိရသည်။

.

Photo – Shan State Trade Centre

.

No comments:

Post a Comment

Pages