.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်
.
ရှမ်းပြည်နယ်အတွင်းရှိ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ၏ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ အမည်စာရင်းကို ရှမ်းပြည်နယ်လွှတ်တော်တွင် တင်ပြအတည်ပြုချက်
ရယူခဲ့သည်ဟု သိရသည်။
.
.တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊
ပထမပုံမှန်အစည်းအဝေး၊ ဆဋ္ဌမနေ့ကို ယနေ့ ဧပြီလ ၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊
ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ်အဖြစ်
ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူက ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
တိုင်း/ဒေသများ၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အမည်စာရင်းကို လွှတ်တော်သို့ တင်ပြ၍
အတည်ပြုချက် ရယူခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ အတည်ပြုထားသော
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှာ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခွန်ဖိုးစိန်၊
အဖွဲ့ဝင်များအဖြစ် ခွန်ကျော်ဟိန်း၊ ခွန်ညိုမောင်၊ ဦးဒီဂေါလ် နှင့်
ဒုတိယဗိုလ်မှူးကြီး ညီညီတင် တို့ဖြစ်ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးအာကာလင်း၊ အဖွဲ့ဝင်များအဖြစ် ဦးဟိန်းထက်ဇော်၊
စိုင်းသန်းထွန်း (ခ) ဦးသိန်းသန်းထွန်း၊ ဦးအောင်ပြည့်စုံနှင့် ဒုတိယဗိုလ်မှူးကြီး
သန့်ဇင်နိုင် တို့ဖြစ်ကြောင်း သိရသည်။
.
၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအရ
ရှမ်းပြည်နယ်အတွင်း၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့ ပါဝင်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့တွင်
ရွေးကောက်ပွဲ အပြည့်အဝ ကျင်းပနိုင်ခြင်း မရှိသေးသည့်အတွက် ယင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်
ဒေသများ၏ ဒေသဦးစီးအဖွဲ့များကို ဖွဲ့စည်း နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
.
ထို့အပြင် တိုင်းရင်းသားလူမျိုးရေးရာ
ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ၏
အမည်စာရင်းကိုလည်း ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူက
လွှတ်တော်သို့ တင်ပြ၍ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။သည်။
.
တိုင်းရင်းသားလူမျိုးရေးရာ
ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူများမှာ ကချင်
တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ဦးကိန်မိုင်၊ ကယန်း (ပဒေါင်)
တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ဒေါ်အေးချိုစိန်၊
ဗမာတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ဒေါ်ခင်ထွေးအောင်၊ လားဟူ
တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ လီဆူ
တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ဒေါ်ငွေလှိုင်၊
အင်းတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် အာခါတိုင်းရင်းသား
လူမျိုးရေးရာ ကိုယ်စားလှယ် ဦးထွန်းအောင် တို့ဖြစ်ကာ ၎င်းတို့သည်
ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် သက်ဆိုင်ရာ
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment