.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယနေ့
ဧပြီလ ၇ ရက်၊ နေ့လယ်ပိုင်းက အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ချောင်းရေများ
လျှံတက်ကာ မိုးရေနှင့်အတူ အမှိုက်သရိုက်များ လမ်းမ ပေါ်သို့ လျှံတက်လာခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးမြို့ပေါ် နေရာအချို့တွင် ယနေ့ ဧပြီလ ၇
ရက်၊ နေ့လယ် ၁၁ နာရီခန့်က ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ပြီး မိုးရွာသွန်းမှုကြောင့်
ရပ်ကွက်များရှိ ရေချောင်း၊ ရေမြောင်းအချို့ ရေလျှံကာ အမှိုက်သရိုက်များ
လူသွားလမ်းပေါ်သို့ ရောက်ရှိလာပြီး အနံ့ဆိုးများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“သင်္ကြန်မိုးရွာတယ်ပြောရမှာ ဆိုပေမဲ့
အချိန်စောနေသေးတယ်။ အပူသက်သာသွားတာတော့ ကောင်း ပါတယ်။ မိုးကြီးတော့
ရေမြောင်းတွေ လျှံပြီး အထဲက အမှိုက်တွေက အကုန်အပြင်ရောက်လာတယ်။ ရေစီးနဲ့အတူ
အမှိုက်တွေ ဆိုင်ထဲဝင်တော့ သန့်ရှင်းရေး ပြန်လုပ်ရတာပေါ့။ အမှိုက်တွေ၊
ရွံ့တွေဆိုတော့ အနံ့ထွက်တယ်။ ဆိုင်မှာဝယ်သူလာရင် အားနာလို့ အမြန်ပြန်သိမ်းနေရတယ်”
ဟု တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်နေ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် ယခင်နှစ်များကလည်း မိုးရွာတိုင်း
ရေမြောင်းများ ပိတ်ဆို့ကာ နေအိမ်ဝိုင်းများအထိ ရေဝင်ရောက်ပြီး အုတ်တံတိုင်းပျက်စီးခြင်း၊
အိမ်တွင်းပရိဘောဂပစ္စည်းများ ပျက်စီးခြင်းတို့ ကြုံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
.
တောင်ကြီးမြို့သည် သန့်ရှင်းသာယာလှပသော တောင်ပေါ်မြို့တစ်မြို့အဖြစ်
နှစ်ပေါင်းများစွာ နာမည်ကောင်းဖြင့် တည်ရှိခဲ့ပြီး ယခုနောက်ပိုင်း နှစ်များတွင် မြို့နေလူဦးရေ
ထူထပ်သိပ်သည်းလာခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ တိုးချဲ့လာခြင်းနှင့် ပြည်သူအချို့၏
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် လမ်းအချို့တွင် မိုးရွာသွန်းတိုင်း ရေကြီးရေလျှံမှုဖြစ်ကာ
အနံ့အသက်ဆိုးများ ထွက်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.


No comments:
Post a Comment