မညိုးမီ ခဏ၊ တစ်မျိုးစီ လှ (ရသခံစားမှုစာတမ်း) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Sunday, April 12, 2026

မညိုးမီ ခဏ၊ တစ်မျိုးစီ လှ (ရသခံစားမှုစာတမ်း)



နွေရာသီတွင် နေဝါဝါ၏ ထွန်းလင်းတောက်ပမှုများကို အခြားသောရာသီများထက် ပိုမိုပြင်းပျစွာ ခံစားနေကြရသော ကာလများသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။

.

နေမင်း၏ အရောင်အဝါများအောက်  အဝါရင့်ရောင် ပိတောက်ပန်းတို့ကလည်း နေ၏ လင်းထိန်သော အရှိန်အဝါတို့ကို အတုယူနေကြသည့်အလား ဝင်းဝင်းဝါဝါ ပွင်းလန်းနေကြမြဲ ဖြစ်သည်ကို တွေ့မြင်နိုင်ကြပြီ ဖြစ်ပါသည်။ နေ၏ ဖြာကျလာသော အဝါရောင်တို့ကြား ပိတောက်ပန်းလေးများက အားကျမခံ ဝါရွှေရောင်တို့ဖြင့် လင်းလက်လျက် ဝန်းကျင်တို့တဝိုက် အလှဆင်ပေါ်လွင်နေကြသည်ပဲ ဖြစ်ပါလေသည်။ ပန်းပိတောက်တို့၏ ဝင်းဝါမှု၊ တောက်ပမှု၊ လင်းလက်မှုများကြားမှ အဆင်းအာရုံအား အသာထား၍ ရနံ့အာရုံကိုသာ စီးမျောခံစားလိုက်ပါလျှင် ဘဝင်အေး၍ ရင်ထဲထိ ကြိုင်သင်းမွှေးပျံ့သွားမည့် ရသကို ခံစားကြလေမည် ဖြစ်ပါသည်။ ပန်းပိတောက်သည်ကား ရနံ့အားဖြင့် လှိုင်လှိုင်မွှေး၍ လောကကြီးအောင် အေးချမ်းအောင် စွမ်းဆောင်ပေးနိုင်သော  နွေပန်းတစ်မျိုးပင် ဖြစ်လေသည်ပဲ ဖြစ်၏။

.

ထိုနွေကာလမှာပင် နေ၏ အရောင်အရှိန်အဝါတို့ကို အတုမယူစတမ်း တောက်ပလင်းလက်မှု တို့ကိုလည်း မယှဉ်ပြိုင်စတမ်း အေးချမ်းစွာ ပွင်းလန်းနေတတ်ကြသော ပန်းတစ်မျိုးသည်ကား နွေစိန်ပန်း ခရမ်းပြာတို့ပင် ဖြစ်လေသည်။ နေ၏ အပူငွေ့များဖြင့် ဖြာကျလာတတ်သော အဝါရောင်တို့အကြား တုပယှဉ်ပြိုင်ခြင်း အလျင်းကင်းသည့် အရောင်ကွဲမျိုးဖြင့် ဝန်းကျင်တဝိုက်  အလှဆင် ထင်ရှားနေကြသည်ပဲ ဖြစ်ပါလေသည်။ နွေစိန်ပန်း ခရမ်းပြာတို့ကို ရနံ့အာရုံ အသာထား၍ အဆင်းအာရုံဖြင့်သာ ခံစားကြည့်ကြည့်ပါက မျက်ဝန်းတို့မှတဆင့် နှလုံးစိတ်ဝမ်းတို့ထိတိုင် အမောပြေ အပန်းပြေ အေးမြသွားစေသော မြင်ကွင်းရသကို ခံစားမိကြမည်ပဲ ဖြစ်ပါသည်။ နွေစိန်းပန်းခရမ်းပြာသည်ကား ငြိမ်းချမ်းသော အရောင်အဆင်း၊ လှပသော အာရုံများဖြင့် လောကကြီးအား ကြည်အေးချမ်းမြအောင် စွမ်းဆောင်ပေးနိုင်သော နွေပန်းတစ်မျိုးလည်း ဖြစ်ပါလေသည်။

.

နွေပွင့် ပန်းတိုင်းတို့တွင် ကိုယ်ပိုင်စွမ်းရည်ထူးများ  ကိုယ်စီကိုယ်ငှ ရှိနေကြသည် ဖြစ်ပြီး မိမိတို့ စွမ်းရည်များနှင့် မိမိတို့ မူပိုင် ရပ်တည်နေတတ်ကြသော သဘောတရားများက အံ့ဩဘွယ်ပင် ဖြစ်လေ၏။ ပန်းတို့၏ သဘာဝအတိုင်း ရှိရင်းစွဲ အရည်အသွေးတို့ကို လောကကြီး တစ်ခုလုံးအား အခွင့်သာလျှင် သာသလို ဖော်ထုတ်ပြသကြရင်း မူပိုင်အရည်အသွေး၊ အမွှေ့ရနံ့၊ အရောင်အဆင်း၊ ပွင့်ချပ်ပွင့်ဖတ်၊ ပန်းခိုင်ပန်းခက် စသည် စသည်တို့ကို အချင်းချင်း တုမမှု မရှိ ပြိုင်ဆိုင်မှု မရှိစတမ်း ပွင့်လန်းတတ်ကြသည်ကလည်း လေးစားဘွယ် ကောင်းလွန်းလှပါသည်။

မိမိတို့၏ ပင်ကိုယ်အလှ တန်ဖိုးများကိုသာ ပိုမို အောင်မြင်အောင် ကြိုးစားမြှင့်တင်ကြရင်း ဖူးပြီးရင်း ဖူး၊ ပွင့်ပြီးရင်း ပွင့်၊ ဝေပြီးရင်း ဝေ၊ ကြွေပြီးရင် ကြွေလိုက်ကြကာ မညိုးမီ တခဏအတွင်း တစ်မျိုးစီ လှပကြခြင်းများဖြင့် နှစ်စဉ်ပုံမှန် ဖူးပွင့်ဝေဆာနေခဲ့ကြသည်ကိုလည်း အားကျဘွယ် တွေ့မြင်နေကြလျက် ရှိပါလေသည်။

.

နွေပန်းပွင့်တို့၏ အလှများက လောကကြီး၏ အရှင်သခင် လူသားများကိုလည်း ပန်းတို့၏ အံ့ဩဘွယ်၊ လေးစားဘွယ်၊ အားကျဘွယ်ရာများအတိုင်း ရပ်တည်တတ်ကြစေရန်ဟူ၍ သဘာဝတရားကြီးမှ အစဉ်ပို့ချပေးနေသော သင်ခန်းစာများဟူ၍သာ တင်စားရတော့မည် ဖြစ်ပါလေသည်။ ။

.

ခင်(တောင်ကြီး)၊ စာပေဗိမ္မာန်စာပေဆုရ

.

#KBZTai #Shan #Article

No comments:

Post a Comment

Pages