တောင်ကြီးမြို့ပေါ်တွင် ညအိပ်ရပ်နားသည့် ယာဉ်ကြီးများကြောင့် လမ်းပိတ်ဆို့မှု မကြာခဏ ဖြစ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Sunday, April 12, 2026

တောင်ကြီးမြို့ပေါ်တွင် ညအိပ်ရပ်နားသည့် ယာဉ်ကြီးများကြောင့် လမ်းပိတ်ဆို့မှု မကြာခဏ ဖြစ်နေ



ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်တွင်းလမ်း အချို့တွင် ကုန်တင်ယာဉ်ကြီးများနှင့် တွဲယာဉ်များ ညအိပ်ရပ်နားမှုနှင့် ကုန်တင်ကုန်ချ ပြုလုပ်မှုများကြောင့် လမ်းပိတ်ဆို့မှု မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။

.

တွဲယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများသည် ရပ်ကွက်တွင်း လမ်းကျဉ်းများတွင် အချိန်ကြာမြင့်စွာ ရပ်နားရပ်နားခြင်းညအိပ်ရပ်နားခြင်းနှင့် ကုန်တင်ကုန်ချ ပြုလုပ်ခြင်းများကြောင့် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေရခြင်း ဖြစ်ပြီး ယာဉ်အန္တရာယ် ဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

ကားကြီးတွေက လမ်းမဘေးနဲ့ ရပ်ကွက်လမ်းတွေထဲ ရပ်ပြီး ကုန်တင်/ကုန်ချလုပ်တာတွေ ရှိတယ်။ တခြား အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေ လာရင် လမ်းက ကျဉ်းတော့ အဲဒီနားမှာ ပိတ်ပြီ။ ပြီးတော့ တချို့ကားကြီးတွေက ညအိပ်ညနေ ရပ်ကြတော့ ပိုဆိုးတယ်။ ဒါတွေကို သက်ဆိုင်ရာက ကြပ်မတ်သင့်ပါတယ်” ဟု တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်တွင်း လမ်းများမှာ ကျဉ်းမြောင်းပြီး အချို့လမ်းများမှာ ကားငယ် ၂ စီးပင် မျက်နှာချင်းဆိုင် ရှောင်ရန် ခက်ခဲသည်ဖြစ်ရာ ယခုကဲ့သို့ ကုန်ကားကြီး ဝင်ရောက်မောင်းနှင်မှုနှင့် ရပ်နားမှုများကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ် နေရခြင်း ဖြစ်ကြောင်း သိရသည်။

.

တကယ်ဆို ရပ်ကွက်တွင်း လမ်းမှာ ကုန်ကားကြီးတွေက ညအိပ်ရပ်ဖို့ မပြောနဲ့ ဝင်တောင် မဝင်သင့်ပါဘူး။ စဝ်စံထွန်းဈေးနားမှာ ဆိုရင်လည်း လမ်းက ကျဉ်း၊ ဈေးသည်၊ ဈေးဝယ်တွေနဲ့ ရှုပ်ပါတယ်ဆိုမှ တွဲကားတွေ အမြဲတမ်း အဝင်အထွက် လုပ်နေတာ အန္တရာယ် များပါတယ်” ဟု အခြား တောင်ကြီးဒေသခံ တစ်ဦးကလည်း ဆိုသည်။

.

ပြီးခဲ့သည့် ဧပြီလ ၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် အိမ်ဆောက်ပစ္စည်းများ တင်ဆောင်ကာ ရပ်နားထားသည့် ကုန်တင်တွဲယာဉ် တစ်စီး ဘရိတ်ပြုတ်ကာ စားသောက်ဆိုင် တစ်ဆိုင်ကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့သေးသည်။

.

#KBZTai #Shan #Taunggyi

.

No comments:

Post a Comment

Pages