အောင်ပန်းမြို့၊ မြက်ဆက်ရွာ၌ ကလေးငယ်တစ်ဦး မြွေဟောက် ကိုက်ခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 7, 2026

အောင်ပန်းမြို့၊ မြက်ဆက်ရွာ၌ ကလေးငယ်တစ်ဦး မြွေဟောက် ကိုက်ခံရ

 


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့အနီးရှိ မြက်ဆက်ကျေးရွာ၌ အသက် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦး ယမန်နေ့ မေလ ၆ ရက်၊ နေ့လယ်ပိုင်းက မြွေဟောက် ကိုက်ခံရကြောင်း သိရသည်။

.

“စိုက်ခင်းထဲ ကလေးက ဆော့နေတာ။ အဲဒီမှာ ပိုး ထိတာပါ။ မြွေဟောက်ပါ၊ မြွေကိုလည်း တွေ့ပါတယ်။ အောင်ပန်းဆေးရုံ၊ ကလောဆေးရုံနဲ့ တောင်ကြီးစဝ်စံထွန်းဆေးရုံတို့ကို အဆင့်ဆင့် လွှဲပြောင်း ပေးပြီး ခုတော့ တောင်ကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။”ဟု ဖြစ်စဉ်ကို သိရှိသူ တစ်ဦးက ပြောသည်။

.

ရှမ်းပြည်နယ်ကဲ့သို့သော အအေးပိုင်း ဒေသများတွင် အဆိပ်ပြင်းမြွေများ ယခင်က မရှိသလောက် နည်းပါးသော်လည်း ယခုတွင် ရာသီဥတု ပူးပြင်းလာမှုကြောင့် လည်းကောင်း၊ မြေဆွေးကဲ့သို့သော အရာဝတ္တုများ သယ်ဆောင်ရာတွင် ပါရှိလာခြင်းကြောင့် လည်းကောင်း အဆိပ်ပြင်းမြွေများအား တွေ့ရှိလာရခြင်း ဖြစ်ကြောင်း လေ့လာသူ တစ်ဦးက သုံးသပ်သည်။

.

“ အရင်ကလည်း ဟဲဟိုးနဲ့ အောင်ပန်းဘက်မှာ အဆိပ်ပြင်းမြွေ အကိုက်ခံရတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ ဒါပေမဲ့ အရင်က မြွေပွေးတွေပေါ့၊ အခုက မြွေဟောက် ဖြစ်တယ်ဆိုတော့ ထူးဆန်းတာပေါ့။ မြွေအန္တရာယ်ကို ဂရုပြုကြဖို့ လိုပါတယ်။”ဟုလည်း ၎င်းက ဆိုသည်။

.

မြွေကိုက်ခံရပါက လူနာကို လှုပ်ရှားခြင်း မပြုစေဘဲ အနာကို ရေဖြင့်ဆေးကြော၍ ရှေးဦးသူနာပြုစုမှုကို ချက်ချင်းခံယူ၍ ဆေးရုံ/ဆေးခန်းသို့ အမြန်သွားရောက်၍ အချိန်မီ ကုသမှုခံယူရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

No comments:

Post a Comment

Pages