စင်ကာပူနိုင်ငံအတွင်း
ကျောင်းတွေမှာ ကျောင်းတွင်း အနိုင်ကျင့်မှုတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်း အသစ်တွေ
အသုံးပြုတော့မယ် ဆိုတဲ့အကြောင်း စင်ကာပူ ပညာရေးဝန်ကြီး ဒက်စ်မွန်လီ က အတည် ပြုလိုက်ပါတယ်။
.
၂၀၂၇
မှာ စတင်တော့မယ့် စည်းမျဉ်းအသစ်တွေမှာတော့ အသက် ၉ နှစ်အရွယ် ကျောင်းသားလေးတွေ ဆိုရင်တောင်
ကျောင်းတွင်း အနိုင်ကျင့်မှုတွေကို ပြုလုပ်ခဲ့မယ်ဆိုရင် ကြိမ်ဒဏ်နဲ့ အပြစ်ပေးခံရမယ်လို့
ပါရှိမှာပါ။
.
ဒက်စ်မွန်လီ
က လွှတ်တော်မှာ “စည်းကမ်း ထိန်းသိမ်းရေး နည်းလမ်းတွေနဲ့ ထိန်းသိမ်းပေးလို့ မရတော့တဲ့
အခြေအနေတွေမှာ ဒါမှမဟုတ် ကျူးလွန်လိုက်တဲ့ ပြစ်မှုက ပြင်းထန်တဲ့ အခြေအနေတွေမှာ
ကြိမ်ဒဏ် ပေးမှုကို နောက်ဆုံးနည်းလမ်း အဖြစ် အသုံးပြုသွားပါ့မယ်” လို့
တင်ပြထားပါတယ်။
.
အဲဒီကြိမ်ဒဏ်က
ယောင်္ကျားလေးတွေ အတွက်ပဲ ဖြစ်ပြီး မိန်းကလေးတွေကတော့ ကြိမ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရထားပါတယ်။
ကြိမ်ဒဏ်ပေးသင့် မပေးသင့်ဆိုတာကိုလည်း ကျောင်းအုပ်ကြီးကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပြီး
သူ တာဝန်ချထားတဲ့ ဆရာကပဲ ကြိမ်ဒဏ်ပေးခွင့် ရှိမှာပါ။
.
စည်းမျဉ်းအသစ်မှာ
ပါဝင်လာမယ့် အဓိက အချက်တွေကတော့ ကျောင်းတွင်းအနိုင်ကျင့်မှုတွေအတွက်
ကျောင်းတိုင်းမှာ တူညီတဲ့အပြစ်ပေးစနစ် အသုံးပြုရမယ်၊ ကျောင်းယာယီ နားခိုင်းတာ၊ အမှတ် လျှော့တာ၊ ဆွေးနွေးမှုနဲ့ စောင့်ကြည့်မှု ခံယူစေတာ၊ အွန်လိုင်းကနေ
ပြောင်းလဲသင်ယူမှု လုပ်ခိုင်းတာ စတဲ့အချက်တွေ ပါလာမှာပါ။
.
ကြိမ်ဒဏ်နဲ့
ပတ်သက်ပြီး ပါဝင်လာမယ့် အချက်တွေက အသက် ၉ နှစ်ကနေ စပြီး ကြိမ်ဒဏ်ပေးနိုင်မယ်၊ ဆိုးရွားတဲ့ ပြစ်မှုကို
ပထမအကြိမ်ကျုးလွန်ရင် ၁ ချက်၊ အလားတူ ပြစ်မှုကိုပဲ
ဒုတိယအကြိမ် ထပ်ကျုးလွန်ရင် ၃ ချက် စတာတွေပဲ ဖြစ်ပါတယ်။
.
ကမ္ဘာ့ကျန်းမာရေးအဖွဲ့
WHO ကတော့ ကလေးတွေကို ကိုယ်ထိလက်ရောက် အပြစ်ပေးခြင်းဟာ အကျိုးဆက်အနေနဲ့
စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို တသက်တာလုံး ခံစား သွားရနိုင်ပြီး အလုပ်အကိုင်၊
ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေကိုပါ ထိခိုက်စေနိုင်လိမ့်မယ်လို့ ၂၀၂၅
အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
.

No comments:
Post a Comment