မကြာမီရက်ပိုင်းအတွင်း
အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ချိန် ရောက်လာပါတော့မယ်။ ကျောင်းဖွင့်ချိန်
နီးလာတာနဲ့အမျှ ကျောင်းသားမိဘတွေရဲ့ သောက ဒီကရီတွေ မြင့်တက် လာလို့နေပါတယ်။ အထွေထွေ
ကုန်ကျစရိတ် မြင့်မားနေတဲ့ကာလ ယန္တရားကြီးထဲမှာ ကျောင်းသားတစ်ဦးရဲ့ ကုန်ကျစရိတ်က မနည်းလှပါဘူး။
ငွေကို ရေလို သုံးနိုင်တဲ့ မိဘများပင် မထောင်းသာလှ။
အလုံးစုံ ချွတ်ခြုံကျနေတဲ့ အခြေခံလူတန်းစားများအတွက် သားသမီးပညာရေးက မိုးမြင့်ထက်က
ဓူဝံကြယ်ကို တုံးခုပြီး ဆွတ်ပေးနေရတဲ့အတိုင်း။
.
ကုန်ကျစရိတ်
မရှိဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကုန်ကျမှုပေါင်း မြောက်များစွာက အတိုင်းအဆ မရှိ။ အရွယ်ရောက်
ကျောင်းသား/ကျောင်းသူ တစ်ဦးရဲ့ ကျောင်း၀တ်စုံအတွက်တောင် အနိမ့်ဆုံး ငွေ ၅၀၀၀၀
လောက်မှ မသုံးရင် ၀တ်ဆင် အသုံးပြုရမယ့် ကလေးအတွက် ဘယ်လိုမှ အဆင်မပြေနိုင်။
ကျောင်း၀တ်စုံ ဆိုတာက အဟောင်းတန်း ဘေထုပ်မှာ ခပ်လတ်လတ် ရနိုင်တဲ့ အထည်မျိုးလည်း မဟုတ်။
ဒါက အစိုးရကျောင်းမှာ တက်မယ့် ကလေးတွေအတွက်။
.
ကိုယ်ပိုင်ကျောင်း
တက်ကြမယ့် ကလေးတွေအတွက် ကုန်ကျစရိတ်ဆိုတာက ငွေကို ကိုယ်ပိုင်စက်နဲ့ ရိုက်ထုတ်ရတော့မတတ်။
အလယ်တန်းအဆင့် တက်ရောက်မယ့် ကလေးတစ်ယောက် ကျောင်း၀တ်စုံ တစ်စုံက အခြေခံလူတန်းစား၊
အခြေခံ၀န်ထမ်း တစ်ဦး လစာငွေထက် ပိုတဲ့ အနေအထား။ ကျောင်း၀တ်စုံ ချုပ်ခတင်
မြန်မာငွေ တစ်သိန်းကျော်။ သားသမီး
ပညာရေးအတွက် မျက်လုံး စုံမှိတ် ဇွတ်ထမ်းတင်နေတဲ့ မိဘများရဲ့ နောက်ကွယ်မှာ သောကတွေ
ကိုယ်စီနဲ့။
.
ဒါက
ကျောင်း၀တ်စုံတစ်ခု တန်ဖိုး။ ဗလာစာအုပ် အတန်အသင့် ကောင်းတာက တစ်ဒါဇင် ကျပ်၂၅၀၀၀။ အကောင်းစား
သုံးချင်ရင် ဗလာစာအုပ်တန်ဖိုးက မြန်မာငွေ ၄၀၀၀၀ လောက် ပေးရနိုင်တယ်။ အဲဒါနဲ့
ကျောင်းသွားလို့ ရပြီလားဆိုတော့ နိုးပါလို့ ဆိုရလိမ့်မယ်။ ဘောလ်ပင်၊ ခဲတံ၊ ထီး၊ မိုးကာ၊
ထမင်းဘူးအစ ရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေက တစ်သီတစ်တန်းကြီး။ ကျောင်းသား တစ်ဦး နောက်ကျောမှာ
လွယ်ရ၊ ပိုးရတဲ့ ကျောပိုးအိတ်တစ်လုံးက တစ်သိန်းနီးပါး။
.
ခေတ်တွေ
ပြောင်းလဲလာခြင်းနောက်မှာ ပညာရှာဖွေရတဲ့ ကုန်ကျစရိတ်တွေလည်း ဆထက် တံပိုး လိုက်ပါ တိုးတက်လာတယ်
ဆိုရမလား။ ကျောင်းတက်တဲ့ ကလေးများတဲ့ မိဘများအတွက်တော့ လောင်မီးကျ သဲပြင်ပေါ် လျှောက်ရင်းက
ငရဲတွင်းထဲ သက်ဆင်းကြရတဲ့ အတိုင်း။ ခေတ်အခြေအနေ အရ ဘွဲ့လေးတစ်ခှမှ လက်ထဲ မရှိရင် သင်တင့်တဲ့
အလုပ်ခွင်မှာ အလုပ်လေး တစ်ခု ရနိုင်ဖို့မလွယ်။ ဒီလို အခြေအနေတွေကြောင့် မိဘတွေလည်း
ကလေးများ ပညာရေးပိုင်းကို မရှိတာရော ရှိတာပါ ပုံအောပြီး သုံးစွဲလာကြရတယ်။
.
အစိုးရကျောင်းမှာ
တက်တဲ့ ကလေးလည်း ထိုက်သင့်သလောက် သုံးရ၊
စွဲရ။ ကိုယ်ပိုင်ကျောင်း ထားတဲ့ ကလေးမိဘများကတော့ စာတစ်ပုဒ် ငွေတစ်သိန်း
ဆိုရလေမလား။ ဒီလောက်နဲ့ ပြည့်စုံသွားလား ဆိုပြန်တော့ ဝေးနေပါသေးတယ်။ တချို့သော မိဘတွေရဲ့
လောဘက အတောမသတ်။ ကလေးက ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ကျောင်းတက် နေပါစေ။ ပြင်ပသင်တန်းလေးနဲ့
သူတပါးနားရွက် တံတွေး ဆွတ်ချင်ကြပြန်ရော။
.
လက်ရှိ
သွားနေတဲ့ စနစ်အရ KG
ကနေ G11 အထိ အတန်းစဉ်လိုက် အတန်း တက်လာကြတာ များပါတယ်။
မိုးလင်းကနေ ညအိပ်ချိန်ထိ စာတွေ သင်ပြီး စာမတတ်လည်း အတန်း တက်လာကြပါတယ်။ G11 ရောက်လာတဲ့ ကလေးက G10 က စာပြန်မေးရင် မသိကြတော့တာ များပါတယ်။
ကျောင်းကောင်းတွေတက် ပြင်ပသင်တန်းမျိုးစုံနဲ့ နေ့မအား ညမနား အားဖြည့်သင်။ အတန်းတစ်ခု
တက်လာပြီးရင် ကျန်ခဲ့တဲ့ အတန်းက စာမသိတော့ အခြေခံပိုင်း အားနည်းခဲ့တဲ့ သဘောလို့ ဆိုရမလား။
.
အဲဒီ
အားနည်းချက်က ကျောင်းသား/ကျောင်းသူတွေကို ဘယ်နေရာမှာ ဒုက္ခပြုလည်းဆိုတော့ အခြေခံပညာရဲ့ နောက်ဆုံးအတန်းလို့
ဆိုနိုင်တဲ့ G12 မှာပါ။ G12 ရောက်တာနဲ့
သင်ကြား၊ သင်ယူမှု ပုံစံတွေက ရှေ့က အတန်းတွေနဲ့ ကွာခြားပါတယ်
။အခြေခံ ပါမလာရင် မြန်မာစာ သင်ခန်းစာကိုတောင် အမှတ် ရအောင် ရေးနိုင်ဖို့ မလွယ်တော့ပါဘူး
။သင်ခန်းစာတွေကို နားလည်အောင် ဖတ်၊ မှတ်ပြီး ကိုယ်ပိုင် သုံးသပ်ချက်နဲ့
ရေးမှ လိုချင်တဲ့အမှတ် ရနိုင်မှာ ဖြစ်တဲ့အတွက် ဒီအတန်းရောက်မှ မီးစင် ကြည့်ကမယ်ဆိုတဲ့
ကလေးများ ဒုက္ခ တွေ့တော့တာပါပဲ။
.
G12 မြန်မာစာနဲ့ပဲ ဥပမာထားလိုပါတယ် ။မေးခွန်းစာရွက်ရဲ့နောက်ဆုံး ၅ ခုက ၁၀ မှတ်တန် သင်ခန်းစာတွေပါ။ ကဗျာ၊ စကားပြေ၊ ရေသည်ပြဇာတ်၊ စာစီစာကုံးနဲ့
အဆိုအချေ သင်ခန်းစာတွေ ဖြစ်ပါတယ်။ ဒီ သင်ခန်းစာတွေ ဖြေဆိုတဲ့ နေရာမှာ သင်ခန်းစာ အကြောင်းအရာနဲ့
ကိုယ်ပိုင်သုံး သပ်ချက်ကို မျှတစွာ ရေးသားနိုင်မှသာ လိုအပ်တဲ့ အမှတ်ကို ရနိုင်မှာ ဖြစ်ပါတယ်။
.
မိဘများအနေနဲ့
မိမိကလေးရဲ့ အခြေအနေကို လေ့လာသုံးသပ်ထားဖို့ အရေးကြီးပါတယ်။ အခြေခံ ပါမလာရင် G12
သင်ခန်းစာတွေက ကျောင်းသား ကျောင်းသူများအတွက် ခက်ခဲတဲ့ အပိုင်းမှာ ရောက်နေတတ်ပါတယ်။
ဘယ်ကျောင်းမှာ ထားတာ၊ ကျောင်း၀တ်စုံက ဘယ်လောက်ဆိုတဲ့ ဂုဏ်တု၊ ဂုဏ်ပြိုင်တွေက ကလေးတွေရဲ့ ပညာရေးကို အထောက်အကူ မဖြစ်စေပါဘူး။
.
ကလေးများ
အနေနဲ့လည်း မိဘတွေရဲ့ ဂုဏ်တုအပြိုင်တွေ ကြားလိုက်ပါပြီး နစ်မွန်းမနေဖို့ အရေးကြီးပါတယ်။
နာရီ ဆိုတဲ့ စကားလုံးလေး တစ်ခုကို အကြံ ပြုချင်ပါတယ်။ အခုချိန် ခပ်နာနာ ကြိုးစားထားမှ
အောင်စာရင်း ထွက်တဲ့အချိန် ရီရမယ့် နာရီလေးပါ။
.
G12 စာမေးပွဲဆိုတာ ခလုတ်တိုက်မိတာနဲ့ကျန်ရစ်ခဲ့မှာပါ။ တစ်နှစ်ဆိုတဲ့အချိန် ကာလရဲ့
ပညာသင်စရိတ်က အလွန် အင်မတန် ကြီးလေး များပြားလှပါတယ်။ နှစ်ပေါင်းများစွာ လျှောက်လာတဲ့
ပညာသင်ခရီးမှာ G12 ရောက်မှ ခလုတ်တိုက်ပြီး ရပ်တန့်သွားလိုက်ရတာမျိုး
မဖြစ်စေချင်ပါဘူး။ ကုန်ကျစရိတ်ကြောင့် သောက ပွားရတဲ့ မိဘများအနေနဲ့လည်း ခလုတ် တိုက်မိလို့
ကြုံရတဲ့ သောကတွေ ထပ် မရောက်စေချင်ပါ။
.
မလိုအပ်တာတွေ
အပြိုင်အဆိုင် ပြုလုပ်ကြမယ့်အစား အလွန်အင်မတန် အရေးကြီးတဲ့ ကလေးတွေရဲ့ ပညာရေးကိုသာ
ကောင်းမွန် စစ်မှန်တဲ့ ပြိုင်ဆိုင်မှုများနဲ့ အစပြုလာတော့မယ့် စာသင်နှစ်ကို ကြိုဆိုနိုင်
ကြပါစေကြောင်း။
.
❏ အောင်ဆန်းဝင်း

No comments:
Post a Comment